မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းက ကျေးရွာများကို ဆက်တိုက် စီးနင်း မီးရှို့နေပြီး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပေါက်မြို့နယ်၊ ရေယာဥ်ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းနှင့် ယာကြီးပြင်ရွာ ပျူစောထီးများ ပူးပေါင်းကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ မီးရှို့ ဖျက်ဆီးပြီးနောက် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းသည် ပေါက်မြို့ပေါ်သို့ ဝင်ရောက်သွားကြောင်း၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းက ပေါက်မြို့ပေါ်မှ ပြန်လည် ထွက်ခွာလာကြောင်း သိရှိရသည်။
ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နှင့် ရေပြာရွာ အကြားတွင် ရောက်ရှိနေပြီး ပေခုနှစ်ပင်ကျေးရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကာ နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“စစ်ခွေးစစ်ကြောင်းက ပေါက်မြို့ပေါ်ကို လာတဲ့ လမ်းပိုင်းတစ်လျောက်က ရွာတွေကို ဆက်တိုက်မီးရှို့ ဖျက်ဆီးလာတာပေါ့။ ပေါက်မြို့ပေါ် မရောက်ခင် သူတို့ မီးရှို့ခဲ့တာက ရေယာဉ်ကျေးရွာပေါ့ နေအိမ် ၃၁ လုံး ပြာကျတယ်။ အခုစစ်ခွေး စစ်ကြောင်းက ပေါက်မြို့ပေါ် ရိက္ခာပို့ပြီး ပေါက်ကနေပြန်ထွက်လာပြီ မြိုင်၊ ကမ္မနဲ့ ပခုက္ကူကို ဦးတည်နေတယ်။ ဘယ်ကိုသွားမလဲဆိုတာတော့ မသိဘူး။ ဒီနေ့တော့ စစ်ခွေးတွေက ပေခုနှစ်ပင်ရွာကို မီးရှို့ဖျက်ဆီးနေတယ်။ နေအိမ် ပျက်စီးမှု အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ပေါက်မြို့နယ် ဆယ်ဝကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


