ရန်ကုန်မြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် အောင်သူဝင်း ကျည်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၃၇ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၂၄ ရက်နေ့တွင် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ၌ ရောက်ရှိနေသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ်မှုထမ်း တပ်သား အောင်သူဝင်းသည် ကျည်နှင့် ခဲယမ်းများယူဆောင်လာပြီး ယင်းမာပင်ခရိုင် ၃၇ တပ်ရင်း ထံသို့ အလင်းဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် အောင်သူဝင်းသည် ၅.၅၆ ကျည် ၁၁၈ ထောင့်၊ MA-1 ကျည်ဘောက် ၂ ခုတို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုအောင်သူဝင်းကို အကြမ်းဖက် စစ်တပ်က ရန်ကုန်မြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်သင်တန်းကို ပင်လောင်းမြို့၌ တက်ရောက်ခဲ့ကြောင်း၊ ထိုမှ တဆင့် ပုလဲမြို့နယ်အတွင်းသို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“အလင်းဝင်ရောက်လာတဲ့သူက ပေါ်တာဆွဲခံရသူပါ။ အသက်ကတော့ ၂၃ နှစ်ပဲရှိသေးတယ်။ စစ်မှုထမ်း သင်တန်းက ပင်လောင်းမြို့မှာ တက်ရောက်ခဲ့တာလို့ ပြောပါတယ်။ သူက ရန်ကုန်မှာ ပေါ်တာ ဆွဲခံရတာ သူ့ရဲ့ ဇာတိက မုံရွာမြို့နယ်ကလို့ပြောပါတယ်။ စစ်ခွေး စစ်ကြောင်းကနေ ထွက်ပြေးလာတာပေါ့”ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၃၇ မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိချိန်တွင် စစ်မှုထမ်း တပ်သားသစ် အောင်သူဝင်းကို တော်လှန်ရေး ရဲဘော်များက ကောင်းမွန်စွာစောင့်ရှောက်ထားပြီး စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကာ ထပ်မံ အလင်းဝင်ရောက်လာမည့်သူများကိုလည်း နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၃၇ မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
