24.9 C
Yangon

တနင်္သာရီနှင့် ရေဦးတို့တွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာသော ရိက္ခာကား ၆ စီးပါဝင်သည့် စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရမ်းဖိုကျေးရွာ၊ ဆီအုန်းကုန်း အရောက်တွင် မိုင်း ၂ လုံးဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် ကားပေါ်တွင် ပါလာသော စစ်သားများနှင့် လမ်းကင်းယူထားသော စစ်သားများက ပြန်လည် ပစ်ခတ်သောကြောင့် ထိတွေ့ တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“မိုင်းဆွဲ တိုက်ခိုက်တဲ့ အချိန်မှာ ကားပေါ်ပါလာတဲ့ စစ်ခွေးတွေနဲ့ လမ်းကင်းချထားသော စစ်ခွေးတွေက ပြန်လည် ပစ်ခတ်လို့ ၁၅ မိနစ်လောင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်။ စစ်ခွေးတွေ ထိခိုက်မှုရှိပါတယ် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ် ပကဖ၊ တနင်္သာရီရိုးမဇုန် ၃ နှင့် ဗိုလ်ခရင်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Wolf Guerrilla LPDF Ye.U Air Force သတင်းပြန်ကြားရေးတာ၀န်ခံ ရဲဘော် ကိုညိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် ရေဦးမြို့ပေါ်မှထွက်လာသော အင်အား ၃၀ ခန့်ပါ စစ်ကြောင်းသည် ရွာသာလေးကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် Wolf Guerrilla LDF Ye.U Air Force အဖွဲ့က မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုကို အတိအကျ မရသေးဘူး။ ဆက်လက်စုံးစမ်းဆဲပါ။ ကျနော်တို့ လက်နက်ခဲယမ်း အလွန်နည်းပါးနေတယ်။ မြေပြင် mission များ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပြည်သူလူထုတရပ်လုံးက တတ်နိုင်သလောက် ပါ၀င်ကူညီပံ့ပို့ပေးကြဖို့ မေတ္တာရပ်ခံချင်တာပါ။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ ကျနော်တို့ ရဲဘော်တွေကတေ့ာ ဆက်လက်ပြီး တိုက်ပွဲ၀င်နေမှာပါ” ဟု Wolf Guerrilla LPDF Ye.U Air Force သတင်းပြန်ကြားရေးတာ၀န်ခံ ရဲဘော် ကိုညိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article