25 C
Yangon

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ပြည်သူများနေထိုင်ရာ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲမှု ပြည်သူ ၁၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ပြည်သူများနေထိုင်ရာ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၁ ဦးသေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် Arakan Princess Media ၏ သတင်းဖော်ပြချက်နှင့် ဒေသပြည်သူတချို့၏ ဆက်သွယ်ပြောဆိုချက်များအရ သိရှိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က တိုက်လေယာဉ်ဖြင့် မြောက်ဦးမြို့၊ အောင်တပ်အုပ်စု၊ ဒိုင်းကျီရပ်ကွက်သို့ ပေါင် ၅၀၀ ဗုံးကျဲချခဲ့ရာ ဒိုင်းကျီရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေး ဂိုဒေါင်အနီးတွင် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁၁ ဦးသေဆုံးကြောင်း၊ အခြား ပြည်သူ ၂၁ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဗုံးလာကျဲတာကြောင့် ရပ်ကွက်ထဲမှာ မီးတောက်ကြီးတွေပါ ထပြီး မီးလောင်တယ်လို့ သိရတယ်။ သေဆုံးမှုကတော့ ရပ်ကွက်နားမှာဆိုတော့ သေဆုံးမှုနဲ့ ထိခိုက်မှုများပြားတယ်။ အဲဒီဘက်မှာ တိုက်ပွဲ ဖြစ်တာလည်းမရှိဘူး။ မြောက်ဦးမြို့ပေါ်မှာ တော်တော်များများက ပြန်လည် နေထိုင်နေကြပါပြီ။ စစ်ရှောင်တာမျိုး သိပ်မရှိတော့ဘူး။ ဗုံးခိုကျင်းတွေတော့ မြို့ပေါ်က အိမ်တိုင်းတူးထားကြတယ်။ အခု လာကျဲသွားတာက ရှောင်ချိန် မရလိုက်ဘူးလို့ သိရတယ်။ အင်တာနက်ကလည်း စတားလင့်ရှိတဲ့အိမ်တွေနဲ့ပဲ ချိတ်ဆက်လို့ရတော့ သေဆုံးသူနာမည်တွေနဲ့ ထိခိုက်သူတွေ နာမည်တွေတော့ မသိရသေးဘူး” ဟု မြောက်ဦးမြို့မှ ပြည်သူများနှင့် အချိတ်အဆက်ရှိနေသော ရန်ကုန်အခြေစိုက် မြောက်ဦးဒေသသား တက်ကြွလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

ယမန်နေ့ ညပိုင်း မြောက်ဦးမြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်သွားသော စစ် တိုက်လေယာဉ်မှာ နေပြည်တော်လေဆိပ်မှ ဖြစ်ကြောင်း လေကြောင်းကင်း ထောက်အဖွဲ့များ ၏ ဖော်ပြချက်အရ သိရှိရသည်။

ဓာတ်ပုံ- APM ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article