27.7 C
Yangon

နွားထိုးကြီးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး သေနတ် ၃ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ စတားလင့် ၁ လုံး အပါအဝင် ခဲယမ်းနှင့်စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး သေနတ် ၃ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ စတားလင့် ၁ လုံး အပါအဝင် ခဲယမ်းနှင့်စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)မှ ပြန်ကြားရေးတာဝန်ခံ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့မှ စစ်တပ်စစ်ကြောင်းမှ ဩဂုတ်လဆန်းပိုင်းမှစတင်၍ စစ်ကြောင်းထိုးလာပြီး ယင်းစစ်ကြောင်းတွင် စစ်သားများနှင့်ပျူစောထီးများ ပါဝင်ကြောင်း၊ ရက် ၂၀ အကြာ ဩဂုတ်လ ၁၈ ရက်နေ့ နွားထိုးကြီးမြို့နယ်၊ မာန်လန်ကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး ဩဂုတ်လ ၂၀ ရက်နေ့ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ မျက်မြင် ၁၀ ဦးသေဆုံးပြီး ၈ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ သေဆုံးသွားသော စစ်သားများထံမှ MA 11 ၂ လက်၊ ဒရုန်းပစ် လက်နက် ၁ လက်၊ ငါးကြင်းမြီးပြောင်း ၁ ချောင်း၊ လက်ပစ်ဗုံး ၃ လုံး၊ စတားလင့်ဂြိုလ်တုအင်တာနက် ၁ လုံး၊​ငွေသားတချို့၊ ကျည်ဘောက် ၂ ခုနှင့် ကျည် တချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်စစ်ကြောင်းကတော့ အထိနာပြီးတော့ နွားထိုးကြီးထဲကနေ စစ်ကြောင်းက နောက်ပြန်ဆုတ်သွားပါပြီ။ နွားထိုးကြီးထဲမှာတော့ စစ်ကြောင်းမရှိတော့ပါဘူး။ စစ်ဘေးရှောင်ပြည်သူတချို့လည်း ပြန်လာနေကြပါပြီ” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)မှ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

အဆိုပါ စစ်ဆင်ရေးကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် အတူ မြင်းခြံခရိုင် တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော နွားထိုးကြီးမြို့နယ်ထဲတွင် စစ်တပ်စစ်ကြောင်းထိုးမှုများ ယာယီအားဖြင့် မရှိတော့သော်လည်း ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် သတိပေးသည်။

“အဓိကကတော့ ပြည်သူတွေ စစ်ကြောင်းထိုးလာရင် ရှောင်ဖို့နဲ့ လေကြောင်းအန္တရယ်ကိုတော့ အမြဲမပြတ် သတိထားဖို့ ပြောချင်ပါတယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)မှ ပြန်ကြားရေးတာဝန်ခံ က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article