27.2 C
Yangon

မြင်းခြံ နှင့် နွားထိုးကြီး မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂၆ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၀ ရွာကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂၆ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၀ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီ၏ ထုတ်ပြန်ချက်နှင့် Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လပိုင်းက စတင်ပြီး မြင်းခြံမြို့နယ်နှင့် နွားထိုးကြီး မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၁၀ ရွာကို ဆက်တိုက်မီးရှို့ဖျက်ဆီးကာ အရပ်သားပြည်သူ ၂၆ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် မြင်းခြံမြို့နယ်တွင် မြောက်ကုန်းရွာ၊ ပျော်ဘွယ်ရွာ၊ သမုန်းကိုင်းရွာ၊ ဗလုံရွာနှင့် ကန်ဆင့်ရွာမှ ပြည်သူ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် နွားထိုးကြီးမြို့နယ်တွင် ရွာကြီးရွာ၊ သူစိုးရွာ၊ သဲတောရွာနှင့် ကျောက်ဆည်ရွာမှ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၆ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ် စစ်ကြောင်းသည် နွားထိုးကြိးမြို့နယ်မှ တံစိုးရွာ၊ မာန်လည်ရွာ၊ ကျောက်ဆည်ရွာ၊ သဲတောရွာ၊ လက်ဝဲရွာ၊ ချင်းယားရွာ၊ ကံယားရှည်ရွာ၊လက်သစ်ပုဂံရွာနှင့် မြင်းခြံမြို့နယ်မှ ကံဆင့်တောင်ရွာမြောက်ရွာ၊ ဗလုံကျေးရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ရာနှင့်ချီ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် ဆန်စပါး၊ ဆီ၊ စားသောက်ကုန်များကိုလည်း ရေတွင်း ရေကန်များထဲ သွန်ချခဲ့ခြင်း၊ ဒီဇယ်များလောင်းချခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ လက်ရှိချိန်ထိ ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများလည်း နေ့စဉ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းဝင်တဲ့ ရွာတွေမှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေကို စစ်ခွေးတွေက မီးရှို့သတ်​ဖြတ်တာ အလောင်းတွေကို စွန့်ပစ်ခဲ့တာတွေ လူမဆန်စွာ ကျူးလွန် လုပ်ဆောင်နေပါတယ်။ စစ်ခွေး စစ်ကြောင်းက လက်နက်ကြီး ပစ်ကူတွေ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီး စစ်ကြောင်းထိုးနေတုန်းပါပဲ တိုက်ပွဲတွေလည်း လက်ရှိချိန်ထိ ဖြစ်နေတယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article