24.1 C
Yangon

စစ်တပ်က လေယာဉ်ဖြင့် ကုန်စည်တင်သွင်းမှုများကို တင်းကျပ်သည့်အပြင် ပြည်ပပြန် မြန်မာများ၏ ကုန်စည်သယ်ယူခွင့်များကိုပါ ထပ်မံတင်းကျပ်၊ ကြိမ်ဖန်များစွာ မကြာခဏ ကုန်ပစ္စည်းများ သယ်သည့် ပြည်ပပြန်များကို တားဆီးအရေးယူမည်

Must read

🟥 ပြည်ပမှ ယူလာမည့် အဝတ်၊ အိတ်၊ အလှကုန်၊ နာရီ၊ ဖြည့်စွက်စာ၊ နေကာမျက်မှန်၊ ဖိနပ်အပါအဝင် ကုန်စည် ၁၀ မျိုးအတွက် လေဆိပ်တွင် အခွန်ကောက်မည်

ရန်ကုန်၊ ဩဂုတ် ၂၆

အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ကုန်စည်တင်သွင်းမှုများကို အလွန်တင်းကျပ်လိုက်သည့်အပြင် ပြည်ပမှ ပြန်လာသော မြန်မာများ၏ ကုန်စည်သယ်ယူခွင့်များကိုလည်း ထပ်မံတင်းကျပ်လိုက်ကြောင်း ကုန်စည်သယ်ယူပို့ ဆောင်ရေးလုပ်ကိုင်သူများက ပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ပြီး ရန်ကုန်လေဆိပ် အပါအဝင် လေဆိပ်များတွင် ပြည်ပ ကုန်စည်များ တင်သွင်းရာတွင် သွင်းကုန်လိုင်စင် ကြိုတင်လျှောက်ထားခြင်းမရှိသော လေကြောင်းကုန်စည် သယ်ယူမှုများကို ပစ္စည်းသိမ်း ဖမ်းဆီးခြင်းများဖြင့် အလွန်တင်းကျပ်လာကြောင်း၊ လိုင်စင်မရှိဘဲ လေကြောင်း ကုန်စည်တင်သွင်းမှုမှန်သမျှကို စစ်တပ်က အထူးတင်းကျပ် စွာ စစ်ဆေး အရေးယူလာကြောင်း သိရှိရသည်။

“သွင်းကုန်လိုင်စင်မပါဘဲ ကုန်ပစ္စည်းတွေ Air Cargo နဲ့ သယ်တာတွေ အရမ်းကျပ်နေတယ်။ အရင်ကတော့ နားလည်မှုနဲ့ရော လိုင်းကြေးနဲ့ ဒဏ်ကြေးနဲ့ အောက်ကနေ ထုတ်ကြတာ။ အဲဒါတွေကို မြန်မာဘက်မှာ အကုန်ရပ်သွားတာ။ ပြီးတော့ မြန်မာပြည်ကို ဥရောပနဲ့ အနောက်နိုင်ငံ၊ အာရှနိုင်ငံကြီးတွေကနေ ပစ္စည်း ပို့ဖို့ Transit ဖြစ်တဲ့ ထိုင်းကလည်း မူဝါဒတွေ အရမ်းတင်းကျပ်နေတယ်။ ထိုင်းလေဆိပ်မှာတင် ကုန်ပစ္စည်းတွေ အကုန် သယ်ယူပို့ဆောင်တာ အကုန်ရပ်ကုန်တယ်။ ထိုင်းရော မြန်မာရော ကုန် စည်သယ်ယူတာတွေ ကျပ်နေလို့ ဖြစ်ကုန်တာပါ။ အစစ်အဆေးလည်း အရမ်းကြမ်းနေတယ်” ဟု ပုဂ္ဂလိက လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူ လက်ထောက် မန်နေဂျာတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ကုန်စည်တင်သွင်းနေမှုများအားလုံးကို ဖမ်းဆီးအရေးယူရန် ညွှန်ကြားပြီးနောက် နယ်စပ်ကုန်သွယ်ရေးလမ်းများအားလုံး ပိတ်ဆို့နေချိန် လေကြောင်းကုန်စည်သယ်ယူပို့ဆောင်ရေးမှာလည်း တင်းကျပ်မှုများကြောင့် လုပ်ငန်းများ ရပ်နားမှုများ ရှိနေကြောင်း သိရှိရသည်။

“စီမံချက်နဲ့ ဖမ်းနေတာဆိုတော့ လုပ်ငန်းရပ်မထားရင် ပိုပြီး ဆုံးရှုံးမှာ။ တချို့ကတော့ လုံး၀ ရပ်လိုက်တယ်။ တချို့ကတော့ လုပ်ငန်းမရပ်ချင်လို့ နည်းနည်းပါးပါး အလုပ်လက်ခံပြီး လည်ပတ်နေတာလည်းရှိတယ်။ တော်တော်များများတော့ ရပ်ကုန်တယ်” ဟု ပုဂ္ဂလိက လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၏ လက်ထောက်မန်နေဂျာကရှင်းပြသည်။

ထို့ပြင် စစ်တပ်က ပြည်ပမှ ပြန်လာသည့် မြန်မာနိုင်ငံသားများ၏ ပစ္စည်းသယ်ယူခွင့်ကိုလည်း ထပ်မံ တင်းကျပ်လိုက်ပြီး တစ်ကိုယ်ရည်သုံးပစ္စည်းများမှ အပ ပမာဏအများအပြား သယ်ယူမှုများကို လေဆိပ်တွင် အခွန်ကောက်ခံမည်ဟု တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ပြည်ပမှ ပြန်လာသော မြန်မာနိုင်ငံသားများ အများဆုံး သယ်ယူသည့် အဝတ်အထည်၊ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ် အပါအဝင် အိတ်အမျိုးမျိုး၊ အလှကုန်များ၊ ဖိနပ်၊ နာရီ၊ ဖြည့်စွက်စွာ၊ နေကာမျက်မှန်၊ ဦးထုပ် အပါအဝင် ကုန်စည် ၁၀ မျိုးကို အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံ မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကုန်ပစ္စည်း ၁၀ မျိုးကို အကောက်အခွန်အဖြစ် အနည်းဆုံး ၃ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နငန်းအထိ အကောက်ခွန်ကိုလည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကိုလည်း စစ်တပ်က ကောက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ပမှ ပြန်လာသော မြန်မာများအနေဖြင့် သွင်းကုန်လိုင်စင်မပါဘဲ ကုန်ပစ္စည်းပမာဏ အများအပြား ကြိမ်ဖန်များစွာ မကြာခဏ သယ်ဆောင်နေခြင်း၊ ရောင်းချရန် ရည်ရွယ်၍ သယ်ဆောင်လာသော ပမာဏဖြစ်လျှင် လေဆိပ်တွင်ပင် တားဆီးမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ပပြန် မြန်မာနိုင်ငံသားများအနေဖြင့် တစ်ကိုယ်ရည်သုံးမှအပ သွင်းကုန်လိုင်စင် လိုအပ်သော ပစ္စည်း များဖြစ်သည့် ဆက်သွယ်ရေးပစ္စည်း၊ ဆေးဝါးပစ္စည်း၊ အစားအသောက်၊ ဒရုန်းနှင့် ကန့်သတ်ပိတ်ပင် ပစ္စည်းများကို သယ်ယူခွင့်မပြုကြောင်း စစ်တပ်က ထပ်မံ တင်းကျပ်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article