ရန်ကုန်၊ ဩဂုတ် ၂၆
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကာ နေအိမ်များ မီးလောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ရွာအနီးကို လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နေအိမ်နှင့် ဆီဆိုင်ပေါ် ကျရောက် ပေါက်ကွဲခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး နေအိမ်များလည်း မီးလောင်နေကြောင်း သိရှိရသည်။
“တိုက်ပွဲမရှိပါဘူး။ စစ်ခွေးတွေ လေယောဉ်နဲ့ ဗုံးကျဲသွားတာ ဆီဆိုင်နဲ့ နေအိမ်ပေါ်ကို ဗုံးကျရောက် ပေါက်ကွဲပြီးတော့ လက်ရှိမီးလောင်နေတယ်လို့ သိရတယ်။ ပြည်သူ ၂ ဦး သေဆုံးတယ်လို့တော့ ကနဦး သိထားရတယ်။ ဒဏ်ရာရရှိသူများနိုင်တယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ ဝက်လက်မြို့နယ်တွင်လည်း ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျေးရွာတရွာကို စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးကာ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“ဝက်လက်မြို့နယ်၊ အနောက်ခြမ်းတစ်နေရာကို စစ်ခွေးတွေက စက်တပ်လေထီးနဲ့ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ ပြည်သူ့နေအိမ် ၁ လုံးပျက်ဆီးပြီးတော့ နွား ၁ ကောင် သေဆုံးခဲ့တယ်။ ပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး” ဟု နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူက ပြောဆိုသည်။
ဓာတ်ပုံ – မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေသော မြင်ကွင်း (ပုံအဟောင်းဖြစ်သည်)
