ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)တွင် အရာရှိ ၄၀၀ ကျော် သင်တန်း တက်ရောက်နေချိန် ၁၀၇ မမ ရှော့တိုက်ဒုံး ၉ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁ဝ နာရီ ၄၃ မိနစ်ခန့် သံတောင်ကြီးမြို့နယ်ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၉ လုံး ဖြင့် BWM mission 44 အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးလုံး အောင်မြင်စွာ ပစ်ခတ်နိုင်ကြောင်း သိရသည်။
ယင်း သင်တန်းကျောင်းတွင် ဩဂုတ်လ ၂၅ ရက်နေ့၌ ပြန်လည်စတင်သော သင်တန်းတွင် စစ်အရာရှိ ၄၀ဝ ကျော် သင်တန်းတက်ရောက်သည်ကို အတွင်းသတင်းအရ အတိအကျ ရထားသည့်အတွက် သင်တန်းချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထို့ပြင် ဘုရင့်နောင် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းသည် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ စစ်အုပ်စု၏ အဓိကဒေါက်တိုင်များဖြစ်သော တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်းများကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ ထိခိုက်မှုများပြားပြီး ပျက်စီးမှု အခြေအနေ အသေးစိတ်ကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ မစ်ရှင်က စစ်ရှုံးကောင်စီရဲ့ ဩဇာခံ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ခွေးသန္ဓေ စစ်အရာရှိတွေကို ပြည်သူ့ကိုယ်စား တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ စစ်ခွေးတွေ ဘယ်မှာနေနေ မလုံခြုံစေရဘူးလို့ပဲ ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) နှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၅ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

