ရန်ကုန်၊ ဩဂုတ် ၂၇
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မဲပေးစနစ် သရုပ်ပြရန်ဟုဆိုကာ ကြံ့ဖွတ်ပါတီ အမာခံများရှိသည့် ရွာများကို ချန်ထားခဲ့ပြီး ကျေးရွာအုပ်စု တစ်ခုကို လူ ၅၀၀ နှုန်းဖြင့် မဲခလုတ်နှိပ်ရန် အတင်း အဓမ္မ ခေါ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်၊ ကြက်ပေါင်တိုက်နယ် အတွင်းရှိ ကျေးရွာ အုပ်စုများတွင် နေထိုင်သော ပြည်သူများကို အကြမ်းဖက် စစ်တပ်က မဲပေးစနစ် သရုပ်ပြန်ရန်ဟုဆိုကာ ကျေးရွာအုပ်စု တစ်ခုကို လူ ၅၀၀ နှုန်းဖြင့် မဲပေးခလုတ်နှိပ်ရန် အတင်း အဓမ္မ ခေါ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ခေါ်ဆောင်ရာတွင် ကြံ့ဖွတ်ပါတီကို မဲပေးနိုင်သော ကြံ့ဖွတ်အမာခံရွာများကို ချန်ထားခဲ့ပြီး ကျန်ကျေးရွာအုပ်စုများမှ ပြည်သူများကို ခေါ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူတို့ စစ်ခွေးတွေရဲ့ ကြံ့ဖွတ်ပါတီပဲ ပြိုင်မယ့် ရွေးကောက်ပွဲတောင် ဒီကောင်တွေက မဲရှုံးမှာ ကြောက်နေတာ သူတို့ ကြံ့ဖွတ် အမာခံရွာတွေကို မခေါ်ဘူး။ ကျန်တဲ့ရွာတွေကိုပဲ ကျေးရွာအုပ်စု တစ်ခုကို လူ ၅၀၀ လာရမယ်ဆိုပြီး လိုက်ခေါ်နေတာ မဲပေးတာ သရုပ်ပြမယ်ဆိုပြီး ခလုတ်နှိပ်ဖို့ ခေါ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ မဲပေးစနစ် သရုပ်ပြခြင်းကို ကြက်ပေါင် တိုက်နယ်အတွင်းရှိ ကြက်ပေါင်ကျေးရွာ ပေါ်တော်မူကျောင်းတွင် မြို့နယ် တရားမဝင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဝန်ထမ်းများက ဦးဆောင် ပြုလုပ်နေကြောင်း သိရသည်။
ထို ကြက်ပေါင် တိုက်နယ်အတွင်းတွင် ကျေးရွာ အုပ်စု ၈ စုရှိပြီး အုပ်ချုပ်ရေးမှူးများက ဦးဆောင်ကာ ပြည်သူများကို အတင်းအဓမ္မ လိုက်လံ ခေါ်ဆောင်ပေးနေကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် တရားမဝင် ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပုသိမ်မြို့နယ်လည်း ပါဝင်ကြောင်း သိရသည်။
