စစ်ကိုင်းတိုင်း၊ ရန်ကုန်-မုံရွာ လမ်းပိုင်းတွင် နိုင်ငံခြားမှ ပြန်လာစဉ် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်လာကြောင်း 8+ အညာမြေစစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၂၁ ရက်နေ့တွင် ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ 8+ အညာမြေစစ်ဆင်ရေး အဖွဲ့ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်မှုထမ်း တပ်သားသစ်သည် နိုင်ငံခြားမှ ပြန်ရောက်ပြီး Express ကားဖြင့် ၎င်းနေထိုင်ရာမြို့ကို ပြန်လာစဉ် ရန်ကုန်-မုံရွာ လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်း အပတ်စဉ် ၁၁ ကပါ။ တောင်ကြီးမှာ သင်တန်းဆင်းခဲ့ရတာပါ။ သူက နိုင်ငံခြားကနေ သူ့ မြို့ကို ပြန်အလာ ရန်ကုန်-မုံရွာလမ်းမှာ ပေါ်တာအဆွဲခံရတာပါ။ သူ့မြို့ကို သူပြန်အလာ မရောက်ခင် ရန်ကုန် – မုံရွာ လမ်းပိုင်းမှာ ပေါ်တာအဆွဲခံခဲ့ရတာပါ။ စစ်ခွေးတွေက ထုံးစံအတိုင်း ခရီးသည်ကားတွေပေါ်ကနေ ဆွဲတာ သူနေထိုင်တဲ့ မြို့နယ်ကိုတော့ သူ့လုံခြုံရေးအတွက် ပြောပြလို့ မရပါဘူး။ သူလိုအပ်တဲ့ အဝတ်အစားကအစ သူလိုအပ်နေတာအကုန် ဝယ်ပေးပြီး သူ့မိသားစုထံ လုံလုံခြုံခြုံ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်” ဟု 8+ အညာမြေစစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဆက်လက်၍ အကြမ်းဖက် စစ်တပ်မှ အလင်းဝင်ရောက်လိုသော လက်အောက်ခံ တပ်သားများနှင့် စစ်မှုထမ်း တပ်သားသစ်များကို ကြိုဆိုလျက်ရှိကြောင်း 8+ အညာမြေစစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
