ရန်ကုန်၊ ဩဂုတ် ၂၇
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မူးမြို့နယ်တွင် ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်က အကြမ်းဖက် စစ်တပ်၏ ခလရ ၆၀ တပ်ရင်းမှ ပရဲစီကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင်လည်း မုန်းသံတံတားမှ စစ်သားများက ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ညောင်ပင်သာကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၅ လုံးနှင့် ဘုန်းကြီး ကျောင်း ၁ ကျောင်း ထိမှန် ပျက်စီးကာ နွား ၁ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ကွင်းချောင်းဝ၌ ရှိနေသော အကြမ်းဖက် စစ်သားများက ဟောင်ဝှစ်ဇာ လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်ခဲ့ရ ပရဲစီကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နွား ၁ ကောင် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ လယ်ဒိုမြို့နယ်တွင် ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက အင်းပရစ်ကျေးရွာအတွင်းကို ၈၁ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၄၂ နှစ်အရွယ် ဦးမျိုးဝင်းထွန်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဆောထိမြို့နယ်တွင်လည်း ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ခမရ-၂၀ တပ်ရင်းက ထောလူခိုကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရ ကျေးရွာတွင် နေထိုင်သော အသက် ၃၉ နှစ်အရွယ် နော်ဧပြီဝါး လက်နက်ကြီး ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် DKBA ဗိုလ်ဘိ လက်အောက်ရှိ စောတယ်ကွယ်နှင့် စောအောင်မြင့် ဦးဆောင်သော အင်အား ၄၀ ခန့်က ဘားအံမြို့နယ် သစ်ဖြူပင်ဆိပ်ရွာရှိ ဒုံသမိချောင်းလှေကူးဆိပ်တွင် ဒေသနေ ပြည်သူ စောသန်းမြနှင့် စောနေသန်းတို့ ပိုင်ဆိုင်သော ဖောင် ၁ စင်းနှင့် စက်အင်ဂျင် ၂ လုံးကို အကြောင်းရင်းမရှိ သေနတ်ဖြင့် ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ DKBA ဗိုလ်ဘိ လက်အောက်ရှိ လက်နက်များသည် ဘားအံမြို့နယ် ကြာအင်း ဘုန်းကြီးကျောင်းအနီး တပ်စွဲထားကာ ဂိတ်စခန်းချထားပြီး ပြည်သူပိုင် ပစ္စည်းများကို အကြောင်းမဲ့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။



