တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ (၅၉)တိုင်တွင် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို ထိတွေ့ တိုက်ပွဲသည် ၁ နာရီကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း ထိခိုက်သေဆုံးကာ ရာမညမွန်တပ်တော် (RMA) မှ တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ အားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ နယ်၊ မုံရွာ-ရေဦးကားလမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် အခြေစိုက် ဘကြီးအောင်ပြောက်ကျားတပ်ဖွဲ့ တိုက်ခိုက်ရေး တာဝန်ခံ ကိုမဲကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာတထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် ဘုတလင်မြို့ပေါ်မှ ထွက်လာသော အင်အား ၇၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်းတစ်လျှောက် ၂ ရက်ဆက် မိုင်းဆွဲပြီး လက်နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ မိုင်းဆွဲ တိုက်ခိုက်တာကတော့ မနေ့တည်းက စပြီး မိုင်းဆွဲ တိုက်ခိုက်တာပေါ့။ ဒီနေ့မှာတော့ ကျနော်တို့ လက်နက်ကြီးတွေနဲ့ပါ လိုက်လံ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ၂ ရက်ပေါင်း တိုက်ခိုက်မှုမှာတော့ စစ်ခွေး ၁၀ ကောင်လောက် သေပါတယ်” ဟု ဘုတလင်မြို့နယ် အခြေစိုက် ဘကြီးအောင် ပြောက်ကျားတပ်ဖွဲ့ တိုက်ခိုက်ရေး တာဝန်ခံ ကိုမဲကြီးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့ပေါ်သို့ သံပြားကာကား ၂ စီး၊ ကားငယ် ၁ စီးတို့ဖြင့် ပြန်လည် ဆုတ်ခွာသွားပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့သော နေရာများ၌ သွေးကွက်များ တွေ့ရှိခဲ့ကြောင်း သိရသည်။
