မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာစံပြ ကျေးရွာရှိ ခမရ ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Ye Guerrilla Force ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့တွင် ရေးမြို့နယ်၊ ကျောင်းရွာစံပြ ကျေးရွာရှိ ခမရ ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် စအောင်ဖြိုးသန့်သည် သေနတ် ၁ လက် ယူဆောင်ပြီး နည်းဗျူဟာ ၃၃ ၊ ဒေါနစစ်ကြောင်း ၂ ၊ရေးပြောက်ကျားတပ် (YGF) ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် စအောင်ဖြိုးသန့်သည် MA- 4 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက် နှင့် ကျည် ၂၅ တောင့်တို့ ယူဆောင်ပြီး အလင်းဝင်လာခြင်းဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၉ သင်တန်းဆင်း တစ်ဦးဖြစ်ကြောင်း သိရသည်။
“သူက ကွင်းကောက်မြို့ကပါ။ ပေါ်တာဆွဲ ဖမ်းဆီးခံရတာ သူက ကားဂိတ်မှာ ညအိပ်နေရင်း အဆွဲခံရတာလို့ သိရပါတယ်”ဟု Ye Guerrilla Force-ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူက ပြောဆိုသည်။
ဆက်လက်၍ စစ်ကောင်စီ တပ်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော စစ်သား၊ ရဲနှင့် စစ်မှုထမ်း တပ်သားသစ်များ အလင်းဝင်ရောက်လိုပါက နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း Ye Guerrilla Force ရေးပြောက်ကျားတပ်က အသိပေးနှိုးဆော်ထားသည်။

