စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးကာ၊ ၁၇ ဦး အပြင်းထန် ထိခိုက်ဒဏ်ရာရရှိ Yae Nagar မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မုံရွာခရိုင် ကွပ်ကဲရေးအဖွဲ့၏ စီစဥ်မှုဖြင့် မုံရွာမြို့နယ်၊ ကျောက္ကာရွာ၊ ရွှေဂူနီဘုရားအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“ကျောက္ကာမြောက်ရွာမှာ ကျွန်တော်တို့ တိုက်တာပေါ့။ ရွေဂူနီ ဘုရားနားလေးမှာ တိုက်ပွဲ ဖြစ်တာ စစ်ခွေး အင်အား ကတော့ ၆၀ ဝန်းကျင်လောက် ရှိမယ်။ အသေအပျောက်စာရင်းကတော့ ၁၅ ကောင်သေတယ်။ ၁၇ ကောင် ဒဏ်ရာ အပြင်ထန်းရတယ်။ ည ၇ နာရီခွလောက်မှာ တိုက်ပွဲပြီးတာပါ” ဟု Yae Nagar မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေးအဖွဲ့၏ စီစဥ်မှုဖြင့် မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာ၊ ရွှေဂူနီဘုရားအနီးတွင် PDF တပ်ရင်းများနှင့် ပူးပေါင်းပြီး မုံရွာမြို့နယ်ပကဖ၊ မုံရွာ တိုက်နယ် (၂) ပကဖ၊ မုံရွာ တိုက်နယ် (၃) ပကဖ၊ အရာတော်မြို့နယ် တိုက်နယ် (၁၁) ပကဖ၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့များဖြစ်ကြသော Danger Force နှင့် ရေနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YNG စစ်ကြောင်း)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
အလားတူ ဩဂုတ်လ ၈ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် မုံရွာမြို့ ကျောက္ကာလမ်းပိုင်းရှိ ရွှေဂူနီဘုရား ၊ ဘောလုံးကွင်းနှင့် ရွှေဂူဖြူဘုရား အနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးကာ ၁ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
