ရန်ကုန်၊ ဩဂုတ် ၃၁
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ပင်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတွင် ဆွမ်းလောင်း ရေစက် ချပွဲ လုပ်နေစဉ် စစ်တပ်က ဘုန်းကြီးကျောင်းသားများကို စစ်မှုထမ်းခိုင်းရန် ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးပြီး လူငယ် ၄ ဦး အဖမ်းခံလိုက်ရကြောင်း ကျေးရွာသူ ကျေးရွာသားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့မှာ ဝါတွင်းကာလ ဥပုသ်နေ့ ဖြစ်သည့်အတွက် ရေနံချောင်း မြို့နယ် ဂျုပ်ပင်ရွာ၊ ရွာဦးဘုန်းကြီးကျောင်းတွင် ဆွမ်းလောင်းရေစက်ချပွဲ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ပြုလုပ်နေစဉ် ရေနံချောင်းမြို့နယ်၊ လက် မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင် ဦးစီးသော စစ်သားနှင့်ရဲများက ရွာသားတစ်ဦးကို ခေါ်ဆောင်လာပြီး ဘုန်းကြီးကျောင်းတွင် ပြုလုပ်နေသော ဆွမ်းလောင်းရေစက်ချပွဲတွင်ပါဝင်နေသော ဘုန်းကြီး ကျောင်းသားများကို ဝင်ရောက် ဖမ်းဆီးကြောင်း၊ ထိုသို့ ဖမ်းဆီးမှုကြောင့် ဆွမ်းလောင်း ရေစက်ချပွဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဘုန်းကြီးကျောင်းသားများလည်း ထွက်ပြေးကြကြောင်း သိရှိရသည်။
ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင် ဦးစီးသော အဖွဲ့က ဘုန်းကြီးကျောင်းသား ၄ ဦးကို စစ်မှု ထမ်းရန် အသက်ပြည့်မီသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာနှင့် ဘုန်းကြီးများက ဖမ်းဆီးခံရသော လူငယ်များ၏ မိဘများနှင့်အတူ လိုက်လံ ရွေးထုတ်ရာ ငွေပေး၍ ပြန်လည် ရွေးယူနိုင်သော လူငယ် ၃ ဦး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
“ရွာဦးကျောင်းတွင်ဆွမ်းလောင်းရေစက်ချပွဲလုပ်နေတုန်း ဝင်ဖမ်းတာ။ ဘုန်း ကြီးကျောင်းသား ၄ ဦးက အသက်ပြည့်တယ်ဆိုပြီး ဖမ်းသွားတယ်။ ဘုန်းကြီးတွေနဲ့ အဖမ်းခံရတဲ့ ကလေး မိဘတွေက လိုက်ထုတ်တာမှာ ၃ ဦးကတော့ ငွေပေးလိုက်တော့ ပြန်လွတ်တယ်။ ၁ ဦးကတော့ မလွတ်ဘူး” ဟု ကျေးရွာသား တစ်ဦးက ရှင်းပြသည်။
ရေနံချောင်းမြို့နယ်တွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင်မှာ ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ယင်းကဲ့သို့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် ငွေညှစ်ခြင်းများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ယခုနှစ် ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းကလည်း ရဲအုပ်ချမ်းမြေ့အောင်က ရေနံချောင်းမြို့နယ်၊သုံးဆယ့်ခြောက်ကျေးရွာမှ လူငယ် ၂ ဦးဖြစ်သည့် ကိုဇေ၊ ကိုတရုတ်ကလေးလေး ခေါ် ကိုဇော်ထက်အောင်တို့ကို နေအိမ်အတွင်းသို့ ဝင်ရောက် ပြီး အတင်းအကျပ် ဖမ်းဆီးသွားကြောင်း၊ ထိုသို့ ဖမ်းဆီးရာတွင် မည်သည့် ပြစ်မှုမှတ်တမ်းနှင့် ပြစ်မှု ကျူးလွန်မှုမရှိဘဲ စစ်မှုထမ်းခိုင်းရန်အတွက် အဓိက ဦးတည်၍ ဝင်ရောက်ဖမ်းဆီးသွားခဲ့ဖူးကြောင်း သိရှိရသည်။
ရဲစခန်းမှူး ချမ်းမြေ့အောင်က စစ်မှုထမ်းတပ်သားသစ်စုဆောင်းခြင်း၊ တပ်သား သစ်အဖြစ် စစ်မှုမထမ်းလိုပါက ငွေပေးရန် ခြိမ်းခြောက်တောင်းခံခြင်း၊ ရေနံချောင်း ပင်းချောင်းတံတားဂိတ်တွင် ဂိတ်ချ၍ လမ်းသွားလမ်းလာ ပြည်သူများကို ငွေညှစ်ခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်းများ လုပ်ဆောင် နေကြောင်း သိရှိရသည်။
ထို့ပြင် ရေနံချောင်းမြို့နယ်မှ နယ်မြေခံ တပ်များကလည်း ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး၍ လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲနေကြောင်း၊ ကျေးရွာများတွင် လူငယ်များကို ဝင်ရောက် ဖမ်းဆီးပြီးနောက် ရေနံချောင်းမြို့ပေါ်တွင် စစ်မှုထမ်းတပ်သားသစ် လူစားထိုး အရောင်းအဝယ်စျေးကွက်ကိုလည်း စစ် တပ်၊ ရဲနှင့် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း ရောင်းချမှုများ လုပ်ဆောင်နေကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်တွင် ပြန်နှံ့နေသည့် မြို့ပေါ်တွင် နေ့ခင်းအချိန် စစ်တပ်က လူငယ်တစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသဖြင့် မိဘများက ပြန်လည် ဆွဲယူပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်။
