ကချင်ပြည်နယ် ဖားကန့်မြို့ နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ ည ၇ နာရီအချိန် အကြမ်းဖက်စစ်တပ်၏ ဖားကန့် တပ်မကုန်းက လက်နက်ကြီးဖြင့် ညောင်ပင်ကုန်းကျေးရွာနှင့် မနကျေးရွာဘက်သို့ ပစ်ခတ်ခဲ့ရာ အသက် ၃၁ နှစ် အရွယ် ကိုမျိုးဇော်(ခ) မဲကြီး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း၊ အခြားပြည်သူ ၃ ဦးမှာလည်း ဒဏ်ရာ ရ ရှိခဲ့ကြောင်း သိရှိရသည်။
“မနေ့ ည ၇ နာရီလောက်မှာ ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီး ရမ်းသမ်းပစ်တော့ ညောင်ပင်ကုန်းနဲ့ ကွက်သစ်ဘက်ကိုပေါ့ အဲဒီမှာ လက်နက်ကြီးတွေ ကျတယ်။ ကိုမျိုးဇော် အသက် ၃၁ နှစ် ပြည်သူတစ်ယောက် သေတယ်။ ၃ ယောက် ဒဏ်ရာရတယ်”ဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် မှော်စီဇာ လုံးခင်းဘက်တွင်လည်း KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ် တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်က လုံးခင်းရှိ ထွန်းတောက်ဆီဆိုင်အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
” မနေ့က ဖားကန့်ဝန်းကျင်ကို စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာ။ မနေ့တုန်းက တစ်ရက်တည်းနဲ့ ပြည်သူတွေ ထိခိုက်သေဆုံးက ၁ ယောက်ရှိတယ်။ ၇ ယောက် ဒဏ်ရာရတာပေါ့။ မနေ့တစ်နေ့ကလည်း စိုင်းနောင်ဘက်ကို သူတို့လက်နက်ကြီးတွေ ပစ်တာ။ ဒရုန်းတွေနဲ့ ပစ်တာ နေ့တိုင်းနီးပါး လုပ်နေတာ။ ဖားကန့်မှာ စစ်ကောင်စီ စစ်ကြောင်း ရောက်လာတဲ့ ၃ လကျော်အတွင်းမှာ လူ ၇၀ ကျော် သူတို့ပစ်တဲ့ လက်နက်ကြီးထိတယ်။ စစ်ကြောင်းက သတ်ဖြတ်တာ ပြည်သူ ၇၀ ကျော် သေဆုံးပြီ။ ထိ ခိုက်ဒဏ်ရာရတာ ၂၅၀ နီးပါးရှိပြီ။ ဖားကန့်မှာ စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာ”ဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် ဖားကန့်မြို့တွင် ယခု ရက်ပိုင်းများအတွင်း အကြမ်းဖက်စစ်တပ်က စစ်ဆေးရေး တင်းကြပ်ကာ လူငယ်များကို ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။


