မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၃၅ လုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ်က ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ဗုံး ၃၅ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“စစ်ခွေးတွေက Y-12 လေယာဉ်နဲ့ကို ဆက်တိုက် ပတ်ဝဲပြီး ဗုံးကျဲနေတာ ပြည်သူတွေလည်း ရွာတွေထဲမှာ မနေရဲလို့ တိမ်းရှောင်နေရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး။ ဗုံးကျဲ တိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်မှာဆိုလို့ ပြည်သူတွေ ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာများကို Y-12 လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း၊ ယင်းဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ညအချိန်ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)
