27.5 C
Yangon

ရေဖြူမြို့တွင် စစ်တပ် စစ်ကြောင်းကို ၃ ရက်ဆက် တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၂ ဦးသေဆုံး၊ ကမ္မမြို့ ရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာလ ၁

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေါနတပ်ခွဲ ၆ – ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် ရေဖြူမြို့နယ်၊ မောရဝတီရေတပ် စစ်ဌာနချုပ်ဘက်မှ ထွက်လာပြီး ဂန့်ဂေါ် တောင် ရထားဘူတာ ဦးပိုင်ဆီအုန်းခြံ အနီး၌ ကာကင်း လာယူသော စစ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် ဦးပိုင်ဆီအုန်းရုံး၌ တပ်စွဲထားသော စစ်သားများ လူစုနေစဉ် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သားများ ထိခိုက်သေဆုံးမှုများပြားပြီး သေဆုံး ဒဏ်ရာရသူများကို ကား ၂ စီးဖြင့် မောရဝတီရေတပ်ဘက်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဩဂုတ်လ ၂၇ ရက် နေ့တွင်လည်း ဦးပိုင်ဆီအုန်းခြံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် ဆယ်အိမ်စုကျေးရွာဘက်သို့ အင်အား ၁၈၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီအထိ မိနစ် ၃၀ ခန့်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မောရဝတီရေတပ်ကနေ စစ်ကြောင်းထိုးလာတာ၊ ဦးပိုင်ဆီအုန်းခြံမှာ အင်အားစုတွ်။ အဲဒီကနေမှ စစ်ကြောင်း ပြန်ထိုးတာ၊ ၂၆ ရက်နေ့က နာရေးကားနဲ့သယ်သွားတဲ့သတင်းရော၊ ရှေ့ရက်တွေက ဖြစ် ခဲ့တဲ့ တိုက်ပွဲမှာ စခသေထိခိုက်သေဆုံးမှုရော စုံစမ်းနေတုန်းပါ။ နောက်ဆက်တွဲလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း ဘေးကင်းလုံခြုံတဲ့တနေရာရာမှာ နေပေးကြပါ၊ လိုက်နာပေးကြပါ” ဟု ဒေါနတပ်ခွဲ ၆ – ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါနတပ်ခွဲ – ၆ (ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ – ၇ (L.P.F) ၊ ဗထူးတပ်မတော် (B H.A) ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့ ၊ ထားဝယ်ခရိုင်ပြည် သူ့ ကာကွယ်ရေးတပ်ဦး (D.DPDF) နှင့် ဇင်ယောတပ်ဖွဲ့ တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ကမ္မမြို့ရဲစခန်းကို လက်ပစ်ဗုံးသီး ပစ်သွင်း တိုက်ခိုက်ရာ အကြမ်းဖက် စစတပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Kamma Revolution Forceမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ကမ္မမြို့ ရဲစခန်းကို တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ကမ္မမြို့ပေါ် ကင်းပတ်ပြီး ပြည်သူများကို ဆဲဆိုကျိန်းမောင်းသွားကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းကတော့ ဆက်လက် စုံစမ်းဆဲပါ။ စစ်ခွေး အင်အားကတော့ မူရင်းရှိတာက ၆၀ လောက်ရှိတယ်။ ရဲစခန်းထဲက စစ်ခွေး မိသားစုဝင်တွေ ငိုသံတွေတော့ ကြားရတယ်ပြောတယ်။ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်ဖို့ များပါတယ်။ ပြည်သူတွေ ဖမ်းဆီးတာမျိုးတော့ မရှိဘူး။ ပြည်သူဖုန်းတစ်လုံးကိုတော့ ယူသွားတာပဲရှိပါတယ်”ဟု Kamma Revolution Forceမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Kamma Revolution Force ၊ Three Brother Defence Force-TBDF (ကမ္မတပ်ပေါင်းစု) နှင့် PDF Kamma(ကမ္မတပ်ပေါင်းစု) စသည့်အဖွဲ့များတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article