24.5 C
Yangon

ဖြူးမြို့နယ်၊ မြို့ချောင်းတံတားတွင် အောင်စည်ယွန်းရွာသား အသက် ၁၇ နှစ်အရွယ် မောင်ဟိန်းဝေစိုးနှင့် အသက် ၁၈ နှစ်အရွယ် မောင်မျိုးဇော်အောင်တို့ကို စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂

ပဲခူးတိုင်း ဖြူးမြို့နယ် မြို့ချောင်းတံတားပေါ်တွင် အောင်စည်ယွန်းကျေးရွာသား လူငယ် ၂ ဦးကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သေဆုံးသူ ၂ ဦး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်စစ်တပ်က အသက် ၁၇ နှစ်အရွယ် မောင်ဟိန်းဝေစိုးနှင့် အသက် ၁၈ နှစ်အရွယ် မောင်မျိုးဇော်အောင်တို့ နှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း၊ တံတားပေါ်ဖြတ်သန်းစဉ် စစ်တပ်က လိုက်လံ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အကြောင်းမဲ့ ပစ်သတ်ခြင်းဖြစ်ကြောင်း မိတ်ဆွေများက ပြောဆိုသည်။

“အရပ်သားတွေပါ။ ဒါကိုသူတို့က တစ်ဖက်ကမ်းကနေစောင့်ပြီး တံတားပေါ်မှာ ကလေးတွေလာနေတုန်း ပစ်တာပါ။ အောင်စည်ယွန်းကျေးရွာကို သူတို့က အမည်းရောင်နယ်မြေဆိုပြီး သတ်မှတ်ပြီး ပစ်တယ်ဆိုတာမျိုး ပြောလာတယ်။ ပစ်ခတ်သတ်ဖြတ်တာကတော့ အကြောင်းမဲ့ ပစ်သတ်တာပါ”ဟု ပစ်ခတ်သတ်ဖြတ်ခံရသော မောင်ဟိန်းဝေစိုး၏ ဆွေမျိုး သားချင်းတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က မောင်မျိုးဇော်အောင်နှင့် မောင်ဟိန်းဝေစိုးတို့ကို ပစ်ခတ်ချိန်တွင် မောင်မျိုးဇော်အောင်သည် ရင်ဘတ်ကို ကျည်ထိမှန်ပြီး ရွာသို့ ပြန်လည်ရောက်ရှိသည်အထိ အားတင်း၍ ထွက်ပြေးနိုင်ခဲ့ကြောင်း၊ ယင်းနောက် မိဘဆွေမျိုးများက ဆေးကုသနိုင်ရေး ဆေးရုံတင်ပို့စဉ် လမ်းတစ်ဝက်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

မောင်ဟိန်းဝေစိုးမှာမူ တံတားပေါ်တွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး စစ်တပ်က ရုပ်အလောင်းကို ကောက်ခွင့်မပြုဘဲ အချိန်ကြာမြင့်စွာ ထားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ဖြူးမြို့နယ်တွင် စစ်ဆေးရေးဂိတ်များချ၍ ပြည်သူများကို ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးရိုက်နှ့က်ခြင်း၊ သတ်ဖြတ်ခြင်းများကို အရှိန်အဟုန်မြှင့် လုပ် ဆောင်နေပြီး လူငယ်အများစုမှာ ဖြူးမြို့နယ်အဝင်အထွက် ဂိတ်များတွင် ဖမ်းဆီးခံရမှု များ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article