ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော ခလရ ၆၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ထွန်း စစ်တပ်က ထောင်ထားသည့် မိုင်း ပြန်နင်းမိပြီး သေဆုံးကာ ရုပ်အလောင်းကို ယနေ့ သဂြိုလ်မည်ဖြစ် ကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့တွင် သာပေါင်းမြို့နယ် သဲဖြူရွာနှင့် ကျားခေါင်းရွာဘက်ကို စစ် ကြောင်း ထိုးလာသော ခလရ ၆၃ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ထွန်းသည် သဲဖြူရွာ ရှေ့တန်း စစ် မျက်နှာပြင်တွင် စစ်တပ်က ထောင်ထားသော မိုင်းကို ပြန်နင်းမိပြီး ခြေဖနောင့်ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းနင်းမိစဉ် စစ်တပ် စစ်ကြောင်းတွင် ဆေးမှူး မပါဝင်ခြင်းကြောင့် ဒဏ်ရာကို အချိန်မီ ကုသနိုင်ခြင်းမရှိခဲ့သဖြင့် သွေးထွက်လွန်ခဲ့ကြောင်း၊ ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ် ၄ တပ်မတော်ဆေးတပ်ရင်း-မဆရ ၄ သို့ ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံး ခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားခဲ့သော ခလရ ၆၃ ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ထွန်း၏ ရုပ်အလောင်းကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ ရွှေမြင်တင် မီးသဂြိုလ်စက်တွင် သဂြိုလ်မည်ဖြစ် ကြောင်း သိရသည်။
“ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ထွန်းက သာပေါင်းမြို့နယ် ကနေ ဂွမြို့ အထိ တက်သိမ်းမယ်လို့ ကြွေးကြော်ပြီး စစ်ကြောင်းထိုးတာ ဂွမြို့တော့ မရောက်လိုက်ဘူး။ သူ့အလောင်းတော့ ပုသိမ်ပြန်ရောက်လာပြီ ဒီနေ့ မီးသဂြိုလ်မယ်လို့ သိရတယ်” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဩဂုတ် ၃၀ ရက်နေ့ကလည်း ပုသိမ်မြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှတ် ၄ စစ်မြေပြင်ဆေးတပ်ရင်းတွင် ဧရာဝတီ စစ်မြေပြင်မှ ဒဏ်ရာရရှိ၍ ဆေးဝါးကုသမှု ခံယူနေရသော အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင့် ရွှေမြင်တင် မီးသဂြိုလ်စက်တွင် သဂြိုလ်လိုက်ကြောင်း သိရသည်။
ဓာတ်ပုံ- တိုက်ပွဲတွင် သေဆုံးသွားခဲ့သော အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်အရာရှိ ဗိုလ် ၁ ဦး၏ နာရေး ပြင်ဆင်ထားမှု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။ )
