ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၃၉ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထာ့ခနွန်ကျေးရွာတွင် တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၉ ဦးပါဝင်သော ကား ၂ စီးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသားများမှာ အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရှိရသည်။
အလားတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဧကချိုင်ဘန်းဘော ၊ 66/6 လမ်းရှိ စက်ချုပ်ရုံတွင် တရားဝင် မြန်မာအလုပ်သမား ၁၄ ဦးမှာ လုပ်ခလစာအပြည့်မရသည့်အပြင် အလုပ်ထွက်ချိန် အလုပ်လုပ်ခွင့် စာရွက်စာတမ်းများ သိမ်းဆည်းခံထားရကြောင်း သိရှိရသည်။
မြန်မာအလုပ်သမား ၁၄ ဦးမှာ အဆိုပါ စက်ချုပ်ရုံတွင် အလုပ်လုပ်နေသည်မှာ ၁ နှစ်ကျော်ခန့် ရှိသော်လည်း အလုပ်လစာမမှန်သည့်အပြင် ယခုနှစ် ဇူလိုင်လပိုင်းမှစ၍ ဩဂုတ်လ ၂၃ ရက်နေ့အထိ လုပ်အားခ တစ်ဝက်စာသာ ရရှိကြောင်း၊ ထို့ကြောင့် အလုပ်သမား ၁၄ ဦးသည် အလုပ်ထွက်ခဲ့သော်လည်း အလုပ်ရှင်က ပေးရန်ကျန်သော လစာ စုစုပေါင်း ထိုင်းဘတ်ငွေ ၈၀၀၀၀ ကျော်နှင့် ပန်းရောင်ကတ်များ ကို ထုတ်မပေးဘဲ သိမ်းယူထားကြောင်း သိရှိရသည်။
“အခု နယ်မြေခံရုံးနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်နေပါတယ်။ အလုပ်ရှင်ကလည်း မြန်မာပဲ ။ ကျနော်တို့ ဖုန်းဆက်သွယ်တာကိုလည်း မကိုင်ဘူးဆိုတော့ ညှိနှိုင်းတာ လက်မခံဘူးလို့ ပြော ရမှာပေါ့။ အဲဒီတော့ နယ်မြေခံရုံးကနေ တစ်ဆင့်ပဲ လုပ်ခလစာတွေနဲ့ အထောက် အထား တွေ ပြန်ရဖို့ လုပ်ဆောင်ပေးသွားမှာပါ” ဟု WAG အလုပ်သမားမဟာမိတ် အဖွဲ့မှ ကိုမုန်တိုင်းက ပြောကြားသည်။
အဆိုပါ အလုပ်ရှင်မှာ မြန်မာလူမျိုးဖြစ်ပြီး အလုပ်သမားများ၏ စာရွက်စာတမ်းများကို သိမ်းဆည်းထားခွင့် မရှိဘဲ သိမ်းဆည်းထားခြင်းဖြစ်ကြောင်း၊ လုပ်ခလစာများကိုလည်း အပြည့်အဝ မပေးကြောင်း၊ အလုပ်သမားများသည် အထောက်အထားများ သိမ်းဆည်းခံထားရ၍ အလုပ်သစ်လည်း ရှာဖွေမရဖြစ်နေကြောင်း သိရှိရသည်။


