မကွေးတိုင်း၊ စလင်းမြို့နယ် လဝက ရုံးတွင် မှတ်ပုံတင် လာလုပ်သည့် အသက် ၃၅ နှစ်အရွယ် ကိုဝေဖြိုးမောင်ကို စစ်တပ်က ဝိုင်းဝန်း ရိုက်နှက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ညီနောင် စလင်း သတင်း တာဝန်ခံ ကိုပြည်သူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းမြို့နယ် လဝက ရုံးကို ကျောက်ရဲတုန်းကျေးရွာမှ မှတ်ပုံတင်လာလုပ်သော အသက် ၃၅ နှစ်အရွယ် ကိုဝေဖြိုးမောင်ကို စစ်သားများက ဝိုင်းဝန်းရိုက်နှက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်သားများက ကိုဝေဖြိုးမောင်ကို ဝိုင်းဝန်း ရိုက်နှက်ပြီးနောက် စလင်းမြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားကြောင်း၊ လက်ရှိချိန်ထိ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး မိသားစုဝင်များကိုလည်း တွေ့ခွင့်မပေးကြောင်း သိရှိရသည်။
“မှတ်ပုံတင် လာလုပ်တာက ကိုဝေဖြိုးမောင်နဲ့ သူ့မိန်းမနဲ့ ၂ ဦးလာလုပ်တာ စစ်ခွေးတွေက ကိုဝေဖြိုးမောင်ကို ဝိုင်းရိုက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးတာ သူ့မိန်းမကိုတော့ မဖမ်းသွားပြီး မိန်းမ ဖြစ်သူက လမ်းဘေးမှာ ထိုင်ငိုနေတယ်လို့ သိရတယ်။ မှတ်ပုံတင်လာလုပ်တာကို လဝကရုံးက ဝန်ထမ်းတွေက ဖုန်းဆက်ပြီး စစ်ခွေးတွေကို သတင်းလှမ်းပေးတာလို့ သိရတယ်။ အဲဒီ လဝကရုံးက ကောင်တွေက လူငယ်လူရွယ်တွေကို ဖုန်းဆက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခိုင်းတာပေါ့။ လဝက ကောင်တွေ အဲလို လုပ်နေလို့ မြို့ပြ UG တွေကနေမှ လ၀ကရုံးကို ဖောက်ခွဲတိုက်ခိုက်တာတွေ လုပ်ဆောင် သေးတယ်” ဟု ပြည်သူ့ညီနောင် စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
ယခုနှစ် ဧပြီလ အတွင်း စလင်းမြို့နယ် လဝက ရုံးကို စလင်းမြို့ပြ UG အဖွဲ့က ဖောက်တိုက်ခိုက်ခဲ့ပြီး မှတ်ပုံတင်လာရောက် လုပ်ဆောင်သည့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းမလုပ်ဆောင်ရန် သတိပေးပြောဆိုထားကြောင်း၊ စလင်းမြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ မည်သည့်ရုံးမဆို သွားလာခြင်းများ မပြုလုပ်ကြပါရန် တော်လှန်ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူငယ်များကို စစ်တပ်က ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
