မကွေးတိုင်း၊ နတ်မောက်မြို့အနီး ပျူစောထီးများ လိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၃ ဦးသေဆုံးခဲ့ ကြောင်း People’s Defence Force-Yenangyaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်မြို့မှ ပိတောက် ငုပ်ပျူရွာသို့ ပျူစောထီး ခေါင်းဆောင် ခင်မောင်ဌေး အပါအဝင် ပျူစောထီး ၁၅ ဦးခန့် လိုက်ပါလာသော အံစာတုံးကားကို နတ်မောက်-ရွာမွန် လမ်းပိုင်း တနေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း ပျူစောထီး ၃ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ပျူစောထီးတွေက နတ်မောက်မြို့ကနေ ပိတောက်ငုပ်ပျူစောထီးရွာကို ပြန်တာ တိုက်ပွဲကြာချိန်ကတော့ မိနစ် ၂၀ ခန့်ကြာခဲ့ပါ တယ်။ သူတို့စီးလာတဲ့ကားလည်း ပျက်စီးသွားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက နတ်မောက်မြို့နဲ့ အရမ်းနီးတယ်။ အရမ်းနီးတော့ နတ်မောက်မြို့ထဲက စစ်ကူထွက်လာတဲ့အတွက် အမြန်ပြန်ဆုတ်ခဲ့ရတာ နတ်မောက်မြို့နဲ့ဆိုရင် တမိုင်သာသာပဲဝေးတယ်” ဟု People’s Defence Force-Yenangyaung တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force- Yenangyaung ၊ သရက်ခရိုင်တပ်ရင်း ၃ တပ်ခွဲ ၁ ၊ Chauk Revolution Army (CRA) ၊ မင်းဘူးမြို့နယ် (ပလဖ) ၊ Yenantha Column ၊ နတ် မောက် ပကဖ နှင့် အင်တောတိုက်နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
