စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့တွင် ခင်ဦးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မန်ကျီးတုံရွာ အရှေ့ဘက်အရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်မ အထိနာပြီး စစ်ကြောင်းတစ်ခုလုံး မြို့ပေါ်ကို ပြန်လည် ဆုတ်ခွာထွက်ပြေးသွားသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များကိ ရေမြို့ အနီးအနားထိ လိုက်လံတိုက်ခိုက်ခဲ့သော်လည်း ရွှေဘိုလေ့ကျင့်ရေး ၈ မှ စစ်သားများက ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေးရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ကွယ်ရေးအဖွဲ့နှင့် ရေဦးမြို့နယ် (ပကဖ) လက်ရုံးတပ်၊ ကန့်ဘလူခရိုင် (ပကဖ) လှုပ်ရှားတပ်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း ကမ္မမြို့ပေါ် ရဲစခန်းမှ ကင်းပတ်ရန် ထွက်လာသော စစ်သားများကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း RED GIANT အဖွဲ့မှ ဒေါင်းနီက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၁ရက်နေ့တွင် ကမ္မမြို့ပေါ် ရဲစခန်းမှ ကင်းပတ်ရန် ထွက်လာသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေး အင်အားက ၃၀ လောက်ရှိမယ်။ စစ်ခွေး ထိခိုက်မှုကတော့ ဆက်လက်စုံစမ်းနေပါတယ်။ ခန့်မှန်းခြေကတော့ သူတို့ ပြန်ဆုတ်ခွာစဥ် ဘန်ကာထဲမှာ နေခဲ့တယ် စစ်ခွေးတွေ ၃ ယောက်တော့ ထိခိုက်မယ်။ ထိခိုက်မှုရှိတာပါ။ ကမ္မရဲစခန်းထဲ စစ်ခွေးများ မွန်းလွဲ ၂ နာရီ ၃ နာရီအချိန်ကင်းပတ်ထွက်လေ့ရှိလို့ ပြည်သူတွေ အနေနဲ့ဂရုစိုက်ဖို့ အသိပေး ပြောချင်တယ်” ဟု RED GIANT အဖွဲ့က ဒေါင်းနီကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို RED GIANT အဖွဲ့ နှင့် ဂဠုန် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
