23 C
Yangon

ကနီမြို့နယ် သမင်ခြံရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၄၀ ကျော်ကျဲချ တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကနီမြို့နယ်၊ သမင်ခြံကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း၊ ထို့ပြင်နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက လေယာဉ်နဲ့ ၂ ကြိမ် ပတ်ပြီး ဗုံးကျဲသွားတာ ရွာတောင်ဘက်ကို ကျဲချတာ ကိုဇော်မြင့်ရဲ့သား အကြီးကောင်တော့ ဗုံးစထိမှန်ပြီး ပွဲချင်းပြီး သေဆုံးတယ်။ နွားတစ်ကောင်လည်း ထိခိုက်တယ်။ ဒဏ်ရာရသူတွေကတော့ သေချာ မစီစစ်ရသေးဘူး။ အတိအကျ မပြောနိုင်ဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၃၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကျေးရွာနေ ပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ သမင်ခြံရွာသည် ကနီမြို့ တောင်ဘက် ၇ မိုင်ခန့် အကွာတွင်ရှိပြီး အိမ်ခြေ ၅၀၀ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

အလားတူ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၄၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် နံနက် ၁၁ နာရီကျော်ခန့်တွင် တံတားဦး လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ် ၁ စီးက ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကို ဗုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ကျေးရွာများ အတွင်းမှ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းကရွာတွေကို ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်။ ထိခိုက်မှုမရှိဘူးလို့တော့ ကြားပေမယ့် အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article