မကွေးတိုင်း၊ နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၃ တပ်ရင်း- ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် လူငယ်များကို စစ်မှုထမ်းစေခိုင်းရန် ကား ၂ စီးဖြင့် လှည့်ပတ်ပေါ်တာဆွဲနေသည့် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာတွင် အသုံးပြုသည့် ကား ၂ စီးလည်း ပျက်စီးသွားကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ကားတွေရပ်ပြီး ပေါ်တာဆွဲနေတုန်း လက်ပစ်ဗုံးနဲ့ စတိုက်တာ၊ ပြီးမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်တာ ပါ၊ ၁၅ မိနစ်လောက်ကြာတယ်၊ မြို့နဲ့ အရမ်းနီးတော့ စစ်ကူတွေကြောင့် လက်နက်က မရခဲ့တာ၊ ပျူ တွေ၊ စခ၊ ရခတွေရော အင်အားကများတယ်၊ ကား ၂ စီးနဲ့၊ ကား ၂ စီးလုံးပျက်စီးတယ်၊ သေတာက ၆ ယောက်၊ ဒဏ်ရာအပြင်းအထန်ရတာက ၂ ယောက်၊ ကျန်ဒဏ်ရာရတာတွေလည်းများတယ်၊ စစ်ကူ လာမှ စိုးလို့ ကျနော်တို့ ရဲဘော်တွေ မထိခိုက်စေရေး ဦးစားပေးပြီး ဆုတ်ခွာခဲ့ရတာ။ ပေါ်တာဆွဲတဲ့ အထဲမှာ နတ်မောက်ပျူခေါင်းဆောင် ခင်မောင်ဌေးကတော့ မပါဘူး။ သူ့သားပါလာတယ်၊ အခုတော့ အဲဒီပျူခေါင်းဆောင် ခင်မောင်ဌေးသားလည်း ငရဲရောက်သွားပြီ” ဟု သရက်ခရိုင် အမှတ် ၃ တပ်ရင်း- ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၃ တပ်ရင်း -ငါးပြေမပြောက်ကျားတပ်ဖွဲ့၏ မြေပြန့်ကျား တပ်ခွဲ ၊ ရေနံချောင်း ပကဖ၊ နတ်မောက် ပကဖ၊ မင်းဘူးခရိုင် ပကဖ၊ Chauk Revolution Army – CRA နှင့် ဒေါဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
