ရန်ကုန်၊ စက်တင်ဘာ ၃
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်-ဆိပ်ဖြူ လမ်းပိုင်းမှ ကပစ ၂၂ ကို လာသည့် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံးပြီး ခြေပြတ်၊ လက်ပြတ်များကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၉ ရက်နေ့က စတင်ပြီး ပေါက်မြို့နယ် ကပစ ၂၄ မှ ထွက်လာသော ကားအစီးရေ ၁၀၀ ကျော်ပါဝင်သော စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပေါက်-ဆိပ်ဖြူ လမ်းပိုင်းတွင် နေ့စဉ် နင်းမိုင်းများ၊ တိုက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ထက်မနည်းရှိကြောင်း၊ ထိုမိုင်းခွဲ တိုက်ခိုက်မှုများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သားများ၏ ခြေပြတ်၊ လက်ပြတ် များကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး ရိက္ခာပို့ စစ်ကြောင်းက ပေါက်မြို့နယ် ကပစ ၂၄ ကနေ ထွက်လာတာပါ။ ပေါက်-ဆိပ်ဖြူ လမ်းပိုင်းကနေ ဆိပ်ဖြူ ကပစ ၂၂ ကို လာတာ အဲလိုလာတာကို လမ်းတလျောက်မှာ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းတွေ၊ နင်းမိုင်းတွေ လမ်းတလျောက်မှာ ထောင်ထားတာ အဲခွေးတွေက နင်းမိုင်းတွေ မိပြီး ဆက်တိုက်ကို ထိနာခဲ့တာ ကျနော်တို့ သတင်းရတာတော့ စစ်ခွေး ၁၅ ကောင်သေတယ်။ ထိခိုက်ဒဏ်ရာရတာ ၂၀ ကျော်တယ်။ စစ်ခွေးတွေက မိုင်းဆက်တိုက်ထိတော့ လမ်းဘေးကိုတောင် မဆင်းရဲတော့ဘူး။ အလေး အပေါ့ သွားတာတောင် ကတ္တရာ လမ်းပေါ်မှာပဲ သွားရတဲ့ အခြေအနေထိကို ဖြစ်သွားတာ” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ကပစ ၂၂ ကို ရောက်ရှိသွားပြီး ပခုက္ကူဘက်သို့ ဆက်လက် ထွက်ခွာနိုင်ကြောင်း သိရသည်။
