ရန်ကုန်၊ စက်တင်ဘာ ၅
မြန်မာနိုင်ငံတွင် ဆာလောင် မွတ်သိပ်မှုကို တုန့်ပြန်သည့်အနေဖြင့် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအပါအဝင် လူပေါင်း ၂၄၀၀၀ ကို အာဟာရချို့တဲ့မှု ကာကွယ်ရေးနှင့် ကုသရေး အကူအညီများ ပေးအပ်သွားမည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ယနေ့ စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်ထားသည်။
ကုသလမဂ္ဂအဖွဲ့၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နှင့် ကိုရီးယားနိုင်ငံတို့ ပူးပေါင်းပြီး REACH အမည်ရ ထောက်ပံ့ရေးအစီအစဉ်တစ်ခုကို မြန်မာနိုင်ငံတွင် စတင်အကောင်အထည် ဖော်လိုက်ပြီဖြစ်ကြောင်း၊ ပဋိပက္ခဒဏ်ခံရသော မိသားစုများအတွက် အရေးပေါ်အကူအညီပေးရေး လုပ်ငန်းအစီအစဉ်ဖြစ်ကြောင်းလည်း WFP နှင့် ကိုရီးယား ပူးတွဲ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
“REACH အစီအစဉ်မှတစ်ဆင့် WFP ဟာ ပဋိပက္ခနဲ့ ငလျင်ဒဏ်သင့်ဒေသတွေက လူဦးရေ သုံးသိန်း ဝန်းကျင်ကို နှစ်လစာ စားနပ်ရိက္ခာ သို့မဟုတ် စားနပ်ရိက္ခာဝယ်ယူနိုင်ဖို့အတွက် မိုဘိုင်းလ်ပိုက်ဆံ သို့မဟုတ် ဘောက်ချာများမှတစ်ဆင့် ငွေသားအထောက်အပံ့တွေ ပေးအပ်သွားမယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနဲ့ ကလေးငယ်တွေ စုစုပေါင်း လူဦးရေ ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနဲ့ ကုသရေး အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပဋိပက္ခ၊ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းရမှုများနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်တို့၏ စုပေါင်းသက်ရောက်မှုကြောင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုများ ပိုမိုဆိုးရွားလာသည့် လက်ရှိအခြေအနေတွင် အဆိုပါ အစီအစဉ်သည် ပဋိပက္ခဒဏ်ခံစားရသော မိသားစုများထံ အရေးပေါ်အထောက်အပံ့များ ပေးအပ်သွားမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဏာမခြေလှမ်းလည်းဖြစ်ကြောင်းလည်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံက ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေဖြင့် REACH အစီအစဉ်သည် ပဋိပက္ခနှင့် ငလျင်ဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသောဒေသများတွင် WFP မှတစ်ဆင့် အရေးပေါ်စားနပ်ရိက္ခာနှင့် စားနပ်ရိက္ခာဝယ်ယူရန် ငွေသားအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်သည်။
“အခုလို ခက်ခဲတဲ့အချိန်ကာလမှာ ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်ဖို့ REACH (Responding with Emergency Assistance for Conflict-Affected Households) လို့ အမည်ပေးထားတဲ့ ကိုရီးယားနဲ့ WFP တို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကတဆင့် ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကို အများဆုံးခံစားနေရသူတွေကို အရေးပေါ်အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီပံ့ပိုးကူညီမှုကနေတစ်ဆင့် မြန်မာပြည်သူပြည်သားတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ရေရှည်ကာလအထိ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေနိုင်အောင် ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးအကြီးအကဲ Mr. Bae Byeongsoo က ပြောဆိုထားသည်။
ထိခိုက်လွယ်ရပ်ရွာလူထုထံ လက်လှမ်းမီနိုင်စေရန်နှင့် ၎င်းတို့အတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန်အလို့ဌာ WFP သည် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် လက်တွဲပြီး အဆိုပါအထောက်အပံ့များကို လိုအပ်နေသူများထံ တိုက်ရိုက်ပေးအပ်သွားမည်ဟု ဆိုသည်။
“၁၉၆၀ နှင့် ၁၉၈၀ ခုနှစ်တွေမှာ ကိုရီးယားသမ္မတနိုင်ငံဟာ WFP ရဲ့ ပံ့ပိုးကူညီမှုကို လက်ခံရရှိသူဖြစ်ခဲ့ရာကနေ လက်ရှိမှာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ ဦးဆောင်သူတစ်ဦးဖြစ်လာပါပြီ။ အခု REACH အစီအစဉ်ကို စတင်လိုက်တာဟာ ကိုရီးယားသမ္မတနိုင်ငံရဲ့ လေးစားအားကျဖွယ် အသွင်ကူးပြောင်းရေးရဲ့ မှတ်တိုင်သစ်တစ်ခုဖြစ်ပါတယ်။ တစ်ချိန်က ကိုရီးယားသမ္မတနိုင်ငံကို ဆန်အကူအညီတွေ ပေးပို့ခဲ့ဖူးတဲ့ မြန်မာနိုင်ငံအတွက် အခုလို ပြန်လည်ပြီး တစ်ဖန်ကူညီပေးတာဟာ တကယ့်ကို အဓိပ္ပါယ်ပြည့်ဝလှပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောဆိုထားသည်။
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် စီးပွားရေးကဏ္ဍ ကျဆင်းမှုနှင့်အတူ ပိုမိုဆိုးရွားလာနေကြောင်း WFP က ပြောဆိုထားသည်။
“စံချိန်တင် မြင့်မားလာတဲ့ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေအကြား အခုလိုအချိန်နဲ့တပြေးညီ ရောက်ရှိလာတဲ့ ပံ့ပိုးကူညီမှုအားဖြင့် ပဋိပက္ခနဲ့ ငလျင်ဒဏ်ကြောင့် ပြိုလဲခဲ့ရတဲ့ လူထုအသိုက်အဝန်းတွေ အနေနဲ့ အကူအညီတွေ တိုးမြင့်ပြီး ရရှိနိုင်ကြမှာ ဖြစ်ပါတယ်” ဟု Mr. Michael Dunford က ဆက်လက်ပြောကြားခဲ့သည်။
အခြေခံစားနပ်ရိက္ခာ၏ ပျမ်းမျှကုန်ဈေးနှုန်းသည် ၂၀၂၁ ခုနှစ်အစောပိုင်းကာလနှင့် ယှဉ်လျှင် ယခုအခါ လေးဆအထိ တိုးမြင့်လာခဲ့ပြီး သန်းနှင့်ချီသောပြည်သူများမှာ အခြေခံအကျဆုံး စားသောက်ဖွယ်ရာကိုပင် မဝယ်စားနိုင်သည့် အခြေအနေကို ရင်ဆိုင်နေရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ယခုအခါ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသောလူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေသောနိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း၊ နောက်ဆုံးထွက်ရှိထားသည့် Hunger Hotspots Report အရ မြန်မာနိုင်ငံတွင် လူ ၃ ဦးလျှင် ၁ ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၆ ဒသမ ၇ သန်းသည် ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး၊ ၂၀၂၄ ခုနှစ်တွင်ရှိခဲ့သည့် လူဦးရေ ၁၃ ဒသမ ၃ သန်းမှ သိသိသာသာ တိုးမြင့်လာပြီး ၎င်းတို့အနက်မှ လူဦးရေ ၂ ဒသမ ၈ သန်းသည် ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရသည့် အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရသည်။
၂၀၂၅ ခုနှစ် ဧပြီလတွင် WFP သည် ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းအတွက် အရေးပေါ်အကူအညီများကို ရပ်တန့်ခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံက ယခုပေးအပ်လိုက်သော ရန်ပုံငွေဖြင့် စားနပ်ရိက္ခာအကူအညီများကို အထူးသဖြင့် ဆာလောင်မွတ်သိပ်မှုကို အပြင်းထန်ဆုံးခံစားနေကြရသည့် သွားလာရခက်ကာ ဝေးလံခေါင်းပါးသည့်ဒေသများတွင် ပြန်လည်ပေးအပ်သွားမည်ဟု WFP နှင့် ကိုရီးယားပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

