မကွေးတိုင်း၊ သရက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ခန့်တွင် သရက်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာနှင့် တပ်ကျေးရွာအကြားရှိ စစ်သူငယ်လမ်းခွဲကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ စစ်ကြောင်းသည် လက်ရှိချိန်ထိ ပြန်လည် ဆုတ်ခွာခြင်းမရှိသောကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
“ညောင်ဝိုင်းကျေးရွာဘက်ကနေ တပ်ကျေးရွာဘက်ကို စစ်ခွေးတွေက စစ်ကြောင်းထိုးလာတာ ကျနော်တို့ ဗမာပြည် ကာကွယ်ရေးတပ် (USBA)နဲ့ အနီးကပ် ထိတွေ့မှု ဖြစ်ပွားခဲ့တာပါ။ စစ်ခွေး ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
သရက်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူများ အနေဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများ အနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် ဗမာပြည်ကာကွယ်ရေးတပ် – USBA က မေတ္တရပ်ခံထားသည်။
