မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း COBRA ONE Pakokku လက်နက်ကြီးတပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနောက်ဘုန်းကန် ပျူစောထီးရွာကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ နံနက်ပိုင်းမှာ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ စစ်ခွေးတွေ အနောက်ဘုန်းကန် ပျူစောထီးရွာကို ရောက်ရှိနေတဲ့ အချိန်မှာ ကျနော်တို့ ရဲဘော်တွေက ရော့ကတ် ၅ လုံးနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေးတွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။ စစ်ခွေး သေစာရင်းကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ ဆက်လက် စုံစမ်းနေပါတယ်” ဟု COBRA ONE Pakokku လက်နက်ကြီးတပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ တပ်ရင်း ၁ ၊ ပခုက္ကူမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ၊ Burma Revolution Rangers တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

