မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ သူစိုးရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နွားထိုးကြီးမြို့နယ်၊ သူစိုးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျခဲ့ပြီး ကျေးရွာနေ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“အဲစစ်ခွေးစစ်ကြောင်းက သူစိုးရွာကို ဒုတိယအကြိမ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၁၀၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးသွားတာ စက်တင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ထိ ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးသွားတာပါ။ စစ်ခွေး စစ်ကြောင်း မရှိတော့ပေမယ့် ပြည်သူတွေကတော့ ဆက်လက် တိမ်းရှောင်နေရပါတယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းခြံမြို့နယ် အတွင်းပြန်လည် ဆုတ်ခွာသွားပြီး ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အလားတူ ဩဂုတ်လပိုင်းကလည်း အကြမ်းဖက် စစ်တပ်က မြင်းခြံမြို့နယ်နှင့် နွားထိုးကြီး မြို့နယ် အစပ်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး မြင်းခြံမြို့နယ်တွင် မြောက်ကုန်းရွာ၊ ပျော်ဘွယ်ရွာ၊ သမုန်းကိုင်းရွာ၊ ဗလုံရွာနှင့် ကန်ဆင့်ရွာမှ ပြည်သူ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် နွားထိုးကြီးမြို့နယ်တွင် ရွာကြီးရွာ၊ သူစိုးရွာ၊ သဲတောရွာနှင့် ကျောက်ဆည်ရွာမှ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၆ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့စဉ်ကလည်း နွားထိုးကြိးမြို့နယ်မှ တံစိုးရွာ၊ မာန်လည်ရွာ၊ ကျောက်ဆည်ရွာ၊ သဲတောရွာ၊ လက်ဝဲရွာ၊ ချင်းယားရွာ၊ ကံယားရှည်ရွာ၊လက်သစ်ပုဂံရွာနှင့် မြင်းခြံမြို့နယ်မှ ကံဆင့်တောင်ရွာမြောက်ရွာ၊ ဗလုံကျေးရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ရာနှင့်ချီ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။



