26.9 C
Yangon

သရက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၉ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

မကွေးတိုင်း၊ သရက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၉ ဦး သေဆုံးခဲ့ကြောင်း United States Of Burma Army – USBA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ခန့်တွင် သရက်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာကျော်ကို စစ်ကြောင်းထိုးနေသော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ညောင်ဝိုင်းကျေးရွာနှင့် တပ်ကျေးရွာ အကြား လမ်းပိုင်းတနေရာအရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၆ ဦးသေဆုံးခဲ့ကြောင်း၊ တပ်တွင်း သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သေဆုံးသူများထဲတွင် အမျိုးသမီး စစ်သည်များလည်း ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်မြို့နယ် အတွင်းရှိ စမ်းလည် ၊ ကညစ်ကျ ၊ ချင်းကုန်း ၊ အကြီးစား ၊ပွန်းကြီး ၊အလပ်လယ် ၊ ဇီးတော ၊ မန်ကျီးယုံ ၊သံပုရာကိုင်း ၊ ပေါက်ဖြူ ၊သာဇီ ၊ ရွှေပန်ကိုင်း ၊ညောင်းဝိုင်း စသည့် ကျေးရွာများကို ၅ ရက်တာ စစ်ကြောင်းထိုး မွှေနှောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်ကာ ဖောကား ၃ စီးဖြင့် ကပစ ၁၂ သို့ နေ့စဉ် ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင်လည်း သရက်-မင်းလှ လမ်းပိုင်း၌ ကပစ ၁၂ သို့ ကပစ လုပ်ငန်းသုံး ပစ္စည်းများ သယ်ဆောင်လာသော ကွန်တိန်နာ ၄ စီး ၊လုံခြုံရေး အင်အား ၄၀ နီးပါး ပါဝင်သော စစ်ကား ၂ စီး နှင့် ရှေ့ပြေးကင်း ဆိုင်ကယ် ၅ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက သရက်မြို့နယ် ဘော်ရဲစခန်းမြောက်ဘက် ၄ ကီလိုမီတာအကွာရှိ တဇီးကောက် ကျေးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရဲ ၃ ဦး၏ ရုပ်အလောင်းကို ကပစ ၁၂ သို့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက အင်အား ၈၀ လောက်ပါတယ်။ အမျိုးသမီးစစ်မေတွေလည်း ပါဝင်ပါတယ်။ အဲခွေး စစ်ကြောင်းကို သရက်မြို့နယ် ညောင်ဝိုင်းကျေးရွာနဲ့ တပ်ကျေးရွာ အကြား လမ်းပိုင်း တနေရာအရောက်မှာ ကျနော်တို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA က ကြားဖြတ် ခြုံခို တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ခွေး အရာရှိ ၁ ဦး အပါအဝင် အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုပါတယ်။ သရက်-မင်းလှ လမ်းပိုင်းမှာက ကပစ ၁၂ ကို ပစ္စည်းလာပို့တဲ့ စစ်ခွေး ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာ ရဲခွေး ၃ ကောင် ပွဲချင်းပြီး သေဆုံးပါတယ်” ဟု United States Of Burma Army – USBA မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article