တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ၃ ကြိမ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၆ ဦး အရှင် ဖမ်းမိကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့ထိ သရက်ချောင်းမြို့နယ် အတွင်း ၁၄ ရက်ကြား စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် သရက်ချောင်းမြို့နယ် အခြေစိုက် ခမရ ၄ဝ၃ ၊ ခမရ ၄ဝ၄ နှင့် ခမရ ၄ဝ၅ တပ်ရင်းမှ စစ်သားများ ပါဝင်ပြီး ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကဇိကျေးရွာသို့ စတင် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း၊ ထိုမှ တဆင့် ဥတ္တူရွာသို့ ရောက်ရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် အင်းပြားရွာအနီး တွင် ဒုတိယအကြိမ် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲ၍ ဥတ္တူရွာဘက်သို့ စစ်ကြောင်း ၂ ကြောင်း၊ စော်ဖျားရွာ အနီးသို့ စစ်ကြောင်း ၁ ကြောင်းရောက်ရှိလာပြီး မိုးရွေကုန်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက် စီးနင်းလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
၄င်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား အလောင်း ၂ လောင်းနှင့် MA-4 သေနတ် ၁ လက်နှင့် MA-1 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး စစ်မှုထမ်းတပ်သား ၆ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်သည် မိုးရွှေကုန်းရွာအတွင်းကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၂ လုံး လာရောက် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာနေရာကို အင်အား ၁၂ဝ ခန့် ပါဝင်သော စစ်ကူ စစ်ကြောင်း ရောက်ရှိလာကာ မိုးရွှေကုန်းရွာအတွင်းရှိ လူနေအိမ်များမှ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူ၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အရပ်သား ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“မိုးရွှေကုန်းနဲ့ စော်ဖျားရွာကို မီးရှို့သွားတဲ့ သရက်ချောင်းအခြေစိုက်တပ်ရင်းက ကောင်တွေ နောက်တန်းပြန်၀င်တဲ့အချိန် ဘာတိုက်ပွဲမှမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ဖောက်ပြီး လမ်းတလျှောက် နေအိမ်တွေကိုမီးရှို့ပြီးသွားနေတယ်။ သရက်နှခွဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ရွာတွေထဲကိုပစ်ခတ်နေတယ်။ စစ်ခွေးတွေ အထိနာတော့ ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်” ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင် တပ်ပေါင်းစုနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် မဟာမိတ် ပူးပေါင်းအဖွဲ့မှရဲဘော်(၄)ဦး ဒဏ်ရာရရှိခဲ့ကာ ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
