ရန်ကုန်-စလင်း-ဆင်ဖြူကျွန်း သို့ ပြေးဆွဲနေသည့် မိုးသောက်ရောင်နီ ကားပေါ် လိုက်ပါလာသော ခရီးသွား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်- စလင်း – ဆင်ဖြူကျွန်းကို ပြေးဆွဲနေသော ခရီးသည် ပို့ဆောင်ရေး ယာဥ်လိုင်းဖြစ်သည့် မိုးသောက် ရောင်နီကားပေါ် လိုက်ပါလာသော ရန်ကုန်မြို့မှ ပြန်လာသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က အမျိုးသား ၁ ဦးကို မကွေး-ကံပြား စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ၂ ဦးကို တောင်ညိုလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အသက် ၃၂ နှစ်အရွယ် အမျိုးသား ၁ ဦးက မကွေးဘက် ရောက်ခါနီး မကွေး-ကံပြား အကြမ်းဖက် စစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးခံရတယ်။ အမျိုးသမီး ၂ ဦးကတော့ တောင်ညိုလမ်းပိုင်းမှာရှိတဲ့ စစ်ခွေး စစ်ဆေးဂိတ်မှာ ဖမ်းဆီးခံရတယ်လို့ သိရတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသား ၁ ဦးက စလင်းမြို့နယ် ဆင်မာကျွန်းကျေးရွာကလို့ သိရတယ်။ အမျိုးသမီး ၂ ဦးရဲ့ နေရပ်လိပ်စာတော့ မသိရသေးဘူး”ဟု ပြည်သူ့ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၄ ရက်နေ့ကလည်း ချောက်မြို့ပေါ်ရှိ ကိုရီးယားဘာသာ စကား သင်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး အသက် ၂၀ အရွယ် လူငယ် အမျိုးသား ၁၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
