28.4 C
Yangon

နတ်မောက်နှင့် မလှိုင်-မိတ္ထီလာ အစပ်သို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၇

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရုံးပင်ကွတ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း နတ်မောက် သတင်းစုံ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ ရုံးပင်ကွတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၄၀ အရွယ် ဦးဇော်ထွန်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ ထို့ပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ သတင်းရတာတော့ ပြည်သူ ၁ ဦးကတော့ ဗုံးစမှန်ပြီး ပွဲချင်းပြီး သေဆုံးတယ်။ ကျန်တဲ့ ၂ ဦးကတော့ ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်” ဟု နတ်မောက် သတင်းစုံ အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်နှင့် မိတ္ထီလာမြို့နယ်အစပ်ကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီခန့်မှ စတင်ပြီး မိတ္ထီလာလေတပ်မှာ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီးသည် မလှိုင်မြို့နယ်နှင့် မိတ္ထီလာမြို့နယ် အစပ်ကို ဗုံး ၉ လုံးဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

“တိုက်ပွဲမရှိဘဲနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေကတော့ စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်တာတွေ နေ့စဉ်လုပ်နေလို့ ညအချိန်ဆို ဘေးလွတ်ရာကို တိမ်းရှောင်ပြီး အိပ်နေရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article