မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ မော်တော်ဖြင့် ထွက်ပြေးသည့် ပြည်သူများကို စစ်တပ်က လိုက်လံ ပစ်ခတ်ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ် အစပ် စဉ့်ကိုင်ရွာမှ ထွက်လာသော အင်အား ၅၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ရွာတန်းရှည်ရွာနှင့် မိုးကြိုးရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ကျေးရွာနေပြည်သူများ မော်တော် ၂ စီးဖြင့် ထွက်ပြေး တိမ်းရှောင်စဉ် စစ်သားများက လိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်သားများ ပစ်ခတ်သော ကျည်ထိမှန်ပြီး ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ရွာတန်းရှည်ရွာနှင့် မိုးကြိုးရွာ အပါအဝင် အနီးအနား ဝန်းကျင်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ် အစပ်က စဉ့်ကိုင်တောင်ရွာနဲ့ မြောက်ရွာမှာရှိတဲ့ စစ်ခွေးတွေက ဒီနေ့ နံနက် မိုးကြိုးရွာဘက်ကို စစ်ကြောင်းထိုးလာပြီးတော့မှ မိုးကြိုးရွာကနေ ရွာရဲ့မြောက်ဘက်မှာရှိတဲ့ ရွာတန်းရှည်ရွာဘက်ကို စစ်ကြောင်းထိုးလာတယ်။ အဲလိုစစ်ကြောင်းရွာထွက်လာလို့ ပြည်သူတွေ အားလုံးက ထွက်ပြေး တိမ်းရှောင်နေရတယ်။ မော်တော်အသေး ၂ စီးနဲ့ ထွက်ပြေးနေတဲ့ ပြည်သူတွေကို စစ်ခွေးတွေက လိုက်လံ ပစ်ခတ်လို့ ပြည်သူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးတယ်” ဟုWetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၁ ရက်နေ့ကလည်း စဉ့်ကိုင်မြောက်ရွာမှ စစ်သားများသည် မိုးကြိုးရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ ၁၅ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
