ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချင်းစုရွာနှင့် ကိုင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီး ၅ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် စစ်ရေးတာဝန်ခံ ရဲဘော် သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ချင်းစုရွာနှင့် ကိုင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီး ၅ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ချင်းစုရွာမှ အသက် ၃၆ နှစ်အရွယ် ကိုချစ်ကောင်း၊ အသက် ၁၅ နှစ်အရွယ် ၇ တန်းကျောင်းသား ကိုခန့်ကျော်သူနှင့် ကိုင်းကြီးရွာမှ အသက် ၃၅ နှစ်အရွယ် ကိုတင်မျိုးမင်းတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကိုင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားပြီး လက်ရှိချိန်တွင် ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“ချင်းစုရွာက ပြည်သူ ၂ ဦးရယ်၊ ကိုင်းကြီးရွာက ပြည်သူ ၁ ဦးရယ် ပွဲချင်းပြီး သေဆုံးပြီး ပြည်သူတွေလည်း ထိခိုက်မှု များပြားပါတယ်။ ဒဏ်ရာပြင်းထန်သူတွေလည်း ပါဝင်တယ်။ ကိုင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ” ဟု သာယာဝတီခရိုင် စစ်ရေးတာဝန်ခံ ရဲဘော် သစ္စာက ပြောဆိုသည်။
အလားတူ ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၄၄ မိနစ်ခန့်ကလည်း အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ဒေါင်လေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၅ နှစ်အရွယ် မယွန်းမီမီ နှင့် မိခင်ဖြစ်သူ အသက် ၃၂ နှစ်အရွယ် ဒေါ်ဇင်မာသင်းတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
