မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေါက် – ဆိပ်ဖြူ လမ်းပိုင်း အနီးတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း ပခုက္ကူခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပေါက်မြို့နယ်၊ တယ်ပင်ကန်ရွာ တောင်ဘက်၊ ပေါက် – ဆိပ်ဖြူလမ်းပိုင်း အနီးတွင် ခလရ ၂၅၄ တပ်ရင်းမှ အင်အား ၈၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို ထိတွေ့ တိုက်ပွဲသည် ၁ နာရီ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကာ ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်းနှင့် ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းမှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်းမှ ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး ၁၀ ဦးသေတာကတော့ အတည်ပြုနိုင်ပါတယ်။ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိတာတော့ ရှိပါတယ်” ဟု ပခုက္ကူခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတပ် တပ်ခွဲ (၃) ၊ ပခုက္ကူခရိုင် စစ်ဌာန စစ်ကြောင်း (၄) ၊ ပခုက္ကူခရိုင် အမှတ်(၅ )တပ်ရင်း၊ ပခက္ကူခရိုင် အမှတ်(၁၂) တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် (၁၄) တပ်ရင်း ၊ ပေါက်မြို့နယ် ပကဖ နှင့် မြိုင်မြို့နယ် ပကဖ ပူးပေါင်းမဟာမိတ် တပ်များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
