ရန်ကုန်၊ စက်တင်ဘာ ၇
ဧရာ၀တီတိုင်းမှ ရခိုင်သို့ စက်သုံးဆီ၊ ဆေးဝါးနှင့် ရိက္ခာများ လာဘ်ပေးလာဘ်ယူ တင်ပို့ခဲ့သည့်အမှုတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့သော်လည်း နယ်/လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မိုးမင်းနိုင် အရေးယူမခံရဘဲ လွတ်မြောက်သွားခဲ့ကြောင်း အနောက်တောင်တိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က ပြောဆိုသည်။
ဗိုလ်မှူးကြီး မိုးမင်းနိုင်မှာ ဧရာ၀တီတိုင်းနယ်/လုံဝန်ကြီးအဖြစ် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့အထိ ၃ နှစ်တိတိတာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း လာဘ်ပေးလာဘ်ယူမှုများ၊ အာဏာအလွဲသုံးစားမှုများ၊ အကျင့်ပျက်ခြစားမှုများကို အကြီးအကျယ် ကျူးလွန်ခဲ့သော်လည်း အရေးယူခံရမှုမရှိဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က ယခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ဧရာ၀တီတိုင်း နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်ကို တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရာထူးချ ပြောင်းရွှေ့လိုက်ပြီး ၎င်း၏ နေရာတွင် ဗိုလ်မှူးကြီး ခန့်မွန်ဆွေကို အစားထိုးခန့်အပ်ခဲ့သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် စက်သုံးဆီ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းများကို ရခိုင်သို့ ပို့ရန် လာဘ် ငွေယူ ခွင့်ပြုသည်ဟုဆိုကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်း ဦးစီးချုပ် ဗိုလ်မှူချုပ်ကျော်စိုးလွင် ၊ စစ်ဦးစီး ဗိုလ်မှူးကြီးအောင်ဆန်းလွင် ၊ ဒုဗိုလ်မှူးကြီး ကျော်စွာထွန်း၊ ဒုဗိုလ်မှူးကြီးမျိုးဇော်အောင် အပါအဝင် အရာရှိ ၆ ဦးကို အကြမ်းဖက် စစ်ကောင်စီက တပ်တွင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါအမှုတွဲတွင် နယ်/လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မိုးမင်းနိုင်လက်မှတ်ဖြင့် ရခိုင်အတွင်းသို့ ကုန်ကားများ ဝင်ရောက်ခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့သော်လည်း အရေးယူခံရမှုမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လတွင် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင် အပါအဝင် အရာ ရှိကြီးများကို တစ် သက်တစ် ကျွန်းထောင်ဒဏ်နှင့်နှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်ကြောင်း ၊ ဒုဗိုလ်မှူး ကြီး ကျော်စွာထွန်းကိုမူ စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ယင်းလာဘ်ပေးလာဘ်ယူမှုတွင် ဧရာ၀တီတိုင်း နယ်/လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မိုးမင်းနိုင်မှာ အမှုတွဲဖြစ်သော်လည်း ဧရာ၀တီတိုင်းဝန်ကြီးချုပ်တင်မောင်ဝင်းက အကာအကွယ်ပေးမှု၊ စစ်ကောင်စီထိပ်ပိုင်းမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အကာအကွယ်ပေးမှုများကြောင့် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
“ဗိုလ်မှူးကြီး မိုးမင်းနိုင်က ဗိုလ်မှူးဟောင်း အောင်အောင်နဲ့ အလုပ်သင် ဗိုလ်အပတ်စဉ် ၂၄ တစ်ပတ်စဉ်တည်း အတူတူဆင်းကြတာ။ ဗိုလ်မှူးဟောင်း အောင်အောင်ဆိုတာက အခု စစ်ကောင်စီမှာ ထိပ်တန်းဗိုလ်ချုပ်တစ်ဦးဖြစ်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်ရဲ့ ညီအရင်းဖြစ်ပြီးတော့ ပုသိမ်မှာ Royal Lake Amusement Park ပိုင်ရှင်ပါ။ သူက ပုသိမ်မှာ အခြေပြုပြီး စီးပွားရေးသောင်းကျန်းနေတာ။ သူရဲ့ Royal Lake မှာ နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူး ကြီး မိုးမင်းနိုင်နဲ့ ဗိုလ်မှူး ဟောင်း အောင်အောင်တို့က စီးပွားရေးသမားတွေ တွေ့ဆုံဖို့ သူ့ဆီမှာ ဘိုကင်ယူရတယ်။ လာဘ်ပေးလာဘ်ယူမှုတွေမှာ ဗိုလ်မှူးကြီး မိုးမင်းနိုင် ပါခဲ့ပေမယ့် ရာထူးလောက်ပဲ ပြောင်းပြီး မပြုတ်သွားတာက ဝန်ကြီးချုပ်နဲ့ ဒုဗိုလ်ချုပ်ကြီး မင်းနိုင်က အကာအကွယ်ပေးမှုတွေကြောင့်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဗိုလ်မှူးဟောင်းအောင်အောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်တို့ ညီအစ်ကို ၂ ဦးမှာ ပြင်ဦးလွင် ဆေးတပ်မှ တပ်ကြပ်ကြီးတစ်ဦး၏ သားများဖြစ်ကြပြီး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်မှာ စစ်တပ်၏ အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းမှုညှိနှိုင်းရေးကော်မတီ (NSPNC) အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် စစ်တပ်ထိပ်တန်း အရာရှိကြီးတစ်ဦးဖြစ်သည်။
နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မိုးမင်းနိုင်သည် ရာထူး အပြောင်းမခံရခင် တိုင်းစည်ပင်ညွှန်မှုး အောင်ကျော်စိုးနှင့်အတူ Non-CDM အရာရှိနှင့်ဝန်ထမ်းပေါင်း ၁၀၀ ဦးထံမှ လာဘ်ငွေရယူ၍ ဌာနအပြောင်းအလဲများ လုပ်ပေးခဲ့ကြောင်း၊ ဒုဦးစီးမှူး ၅၂ ဦးကို လာဘ်ငွေရနိုင်သည့် ဌာနများသို့ ငွေရယူ အပြောင်းအလဲလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
” ဗိုလ်မှူးကြီး မိုးမင်းနိုင်နဲ့ ဧရာဝတီတိုင်းစည်ပင်ညွှန်ကြားရေးမှူးဦးအောင်ကျော်စိုးက တိုင်းဒေသကြီးဝန်ထမ်းပေါင်း ၁၀၀ နီးပါးကို ပိုက်ဆံပေးနိုင်သူတွေနဲ့ သူတို့နဲ့ ပတ်သက်သူတွေကို မြို့ကောင်း၊ ဌာနကောင်း၊ နေရာ ကောင်း တွေမှာ ပြောင်းရွှေကပေးခဲ့တယ်။ ဒုဦးစီးမှူး ၅၂ ဦးလည်း ငွေပေးပြီး နေရာကောင်းတွေ ရခဲ့ကြတယ်။ အဓိက လုပ်သူ ဗိုလ်မှူးကြီး မိုးမင်းနိုင်ပါ” ဟု ဧရာ၀တီတိုင်းစည်ပင်သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ဧရာ၀တီတိုင်းတွင် အကောင်အထည်ဖော်ခဲ့သော Green Land City စီမံကိန်းတွင်လည်း ဗိုလ်မှူးကြီး မိုးမင်းနိုင်က လာဘ်ငွေယူ၍ အိမ်ရာစီမံကိန်းများကို လယ်မြေကို အခြားသုံးစွဲခွင့် မကျမီ ခွင့်ပြုခဲ့သည့်အပြင် ယင်းအိမ်ရာစီမံကိန်းတွင် မြေကွက် ၅ ကွက်ကို ရယူထားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



