ရန်ကုန်၊ စက်တင်ဘာ ၉
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရမည်းသင်းအကျဉ်းထောင်တွင် ထောင်ပိုင်စိုးသီဟနှင့် တပည့် အောင်မျိုးဦးတို့က နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်း သားများကို ညှဉ်းပန်းနှိပ်စက်ပြီး ငွေကြေး တောင်းခံနေကြောင်း အကျဉ်းသားအသိုင်းအ၀ိုင်းက ပြောဆိုသည်။
ရမည်းသင်းအကျဉ်းထောင်တွင် စစ်တပ်က ဖမ်းဆီးထောင်ချထားသော ဆီကုန်သည်၊ ဆန်ကုန်သည်၊ ဒေါ်လာကုန်သည်၊ ရွှေကုန်သည်များ စွာ ထားရှိထားပြီး အဆိုပါ ကုန်သည်များထံမှ ထောင်ပိုင် စိုးသီဟနှင့် တပည့်အောင်မျိုးဦးတို့က ငွေကြေးများ ခြိမ်းခြောက်တောင်းခံနေကြောင်း သိရှိရသည်။
“ရမည်းသင်းထောင်မှာ စီးပွားရေးသမားတွေ များတော့ ထောင်ပိုင်ကို ကန်တော့ဖို့ဆိုပြီး ကုန်သည်တွေဆီကနေ တစ်ဦးကို ငွေ ၁၀ သိန်းကနေ ၁၅ သိန်းကောက်တယ်။ ကုန်သည်တွေက ဘောစိတွေဆိုတော့ ပေးနိုင်ကြတယ်။ အဲဒီအတွက် မိသားစုတွေကို ထောင် ပိုင်ရုံးခန်းမှာ လွတ်လပ်စွာ တွေ့ခွင့်ရကြတယ်။ နေ့တိုင်းတွေ့ချင်လည်း တွေ့လို့ရတယ်။ အဲဒါ လစဉ်ကြေးလို တောင်းတာ” ဟု အကျဉ်းထောင်သတင်းရင်းမြစ်က ပြောဆိုသည်။
ရမည်းသင်းထောင်ပိုင်မှာ အကျဉ်းသားများထံမှ အတင်းအကျပ် ခြိမ်းခြောက်တောင်းခံသော ငွေကြေးများဖြင့် ချမ်းသာလာပြီး သိန်းထောင်ချီတန် ကားသစ် ၂ စီး ဝယ်ယူထားကြောင်း၊ အကျဉ်းဦးစီးဌာန ထိပ်ပိုင်းအထိ အဆင့်ဆင့် လာဘ်ထိုးထားသဖြင့် အကျဉ်းထောင်အတွင်း အကျဉ်းသားများမှာ ငွေကြေးအညှစ်ခံရသူများဖြစ်လာနေကြောင်း သိရှိရသည်။
ရမည်းသင်းအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများမှာလည်း ထောင်ပိုင်၏ မတရားငွေကြေးတောင်းခံခြင်းခံရသည့်အပြင် အမျိုးမျိုးသော ဖိနှိပ်မှုများကိုလည်း ကြုံတွေ့နေရကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်သည်အကျဉ်းထောင်အတွင်း နေရာထိုင်ခင်း အလွန်အမင်းကျပ်တည်းခြင်း၊ လျှပ်စစ်မီးရရှိမှု နည်းပါးခြင်း၊ သုံးရေပြတ်လပ်ခြင်းများဖြစ်ပေါ်နေပြီး ရေမချိုးရသည့်အပြင် တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းစွာ မပြုလုပ်ရသောကြောင့် အရေပြားကူးစက်ရောဂါများအပြင် ဖျားနာမှုများလည်း ပိုမိုဆိုးရွားလျက်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဩဂုတ်လအတွင်းအခြားအကျဉ်းထောင်များမှ ပြောင်းရွှေ့ပို့လာသူ များပြားလာပြီးနောက် အရေပြားရောဂါများဖြစ်ပွားခြင်းနှင့် ဖျားနာခြင်းများ ဖြစ်နေသည့် အခြေအနေများ တိုးပွားလာခြင်းဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုသည်လည်း အလွန်ဆိုးရွားလျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ထံမှ သိရှိရသည်။
“အကျဉ်းထောင်အတွင်း ကျန်းမာရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ယူမှုရှိပေးဖို့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ အကျဉ်းထောင်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေအနေနဲ့ ဝိုင်းဝန်းတိုက်တွန်းပေးစေလိုပါတယ်။ ဒါအပြင် မိဘပြည်သူတွေအနေနဲ့လည်း ပူးပေါင်းစောင့်ကြည့်ပေးဖို့လည်း လိုအပ်ပါတယ်။ အားလုံးပူးပေါင်းပြီး အကျဉ်း ထောင်အတွင်း အာရုံစိုက်ပေးကြဖို့နဲ့ အကျဉ်းထောင်အတွင်း ကူညီထောက်ပံ့ပေးကြဖို့လိုအပ်ပါတယ်ရှင်”ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။
ထို့အပြင် အခြားအကျဉ်းသူများနှင့် နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများ စကားအခြေအတင်ဖြစ်နေသည်ဟူသော အကြောင်းပြချက်ဖြင့် ထောင်ဝန်ထမ်းအမျိုးသားများက နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီးဆောင်အတွင်း ဝင်ရောက် ရိုက်နှက်ခဲ့သည့် ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ထုတ်ပြန်ထားသည်။
“၇ လပိုင်း တတိယအပတ်မှာဖြစ်ပွားခဲ့တာပါ။ အသေးစိတ်အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု နိုင်ငံရေးအကျဉ်းသူ များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မိုးရာသီကာလတွင် အကျဉ်းထောင်အသီးသီး၌ အရေပြားရောဂါဖြစ်ပွားမှုများ ဆိုးရွားလျက်ရှိပြီး လူဦးရေ ၇၀ ရာခိုင်နှုန်းအထိ ဖြစ်ပွားလျက်ရှိပြီး အကျဉ်းထောင်များမှ ကျန်းမာရေးစောင့်ရှောက်မှုသည်လည်း ကောင်းစွာမပေးသည့်အပြင် မိသားစုများမှ ပေးပို့သော ဆေးဝါးများလည်း ပို့ဆောင်ခွင့် မရရှိသည့် အခြေအနေများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရမည်းသင်းထောင်ပိုင် စိုးသီဟ။
