25.4 C
Yangon

ဖားကန့်မြို့နယ်တွင် စစ်တပ် က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောင်းဆရာ ၁ ဦး အပါအဝင် ပြည်သူ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁ နာရီခန့်အချိန် ဖားကန့်မြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာကုန်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဆိပ်မူကျေးရွာ၊ ရပ်ကွက် ၃ ရှိ တရုတ်ဘုံကျောင်းရှေ့ အလယ်တန်းကျောင်း၏ ဘေးချင်း ကပ်လျက်နေအိမ်တစ်လုံးကို ထိမှန်ပေါက်ကွဲပြီး အလယ်တန်းကျောင်းဆရာ ကိုလှိုင်မင်းထွန်း၊ ကိုဇော်ဝင်းနိုင်နှင့် ကိုမျိုးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘဇံချောက်ကျေးရွာနေပြည်သူ ၄ ဦးအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာကျေးရွာ၊ ရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေမှုကြောင့်ဖားကန့်မြို့ အနောက်ခြမ်းရှိ ကျေးရွာ ၁၃ ရွာမှ ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

“ပြည်သူတွေထိခိုက်တာ၊ သေဆုံးတာတွေလည်းရှိတယ်။ လောလောဆယ်၊ ဖားကန့်အနောက်ဘက် ခြမ်းက ကျေးရွာ ၁၃ ရွာ ပြည်သူ တစ်သောင်းကျော် စစ်ရှောင်နေရတယ်၊ ပြည်သူတွေလည်း စားဝတ် နေရေး အခက်အခဲ တော်တော်ရှိကြတယ်။ အဲဒါကြောင့်အကူအညီတွေလည်း အများကြီးလိုနေ တယ်။ ဖားကန့်စစ်ရှောင်တွေကို အားလုံးဝိုင်းဝန်းကူညီကြဖို့ လိုအပ်နေတဲ့ အခြေအနေဖြစ်တယ်။ ဖားကန့်မှာကတိုက်ပွဲတွေ နေ့တိုင်းတောက်လျှောက်နီးပါးဖြစ်နေတော့ ပြည်သူတွေထိခိုက်သေဆုံး တာက ၇၀ ကျော်သွားပြီ။ ပြီးရင် ဒဏ်ရာရတာလည်း ၂၅၀ ကျော်ရှိပြီ။ ပြည်သူတွေအနေနဲ့လည်း စစ်ရေး သတိအမြဲတမ်းရှိပြီးတော့ နေထိုင်ကြဖို့အရေးကြီးတယ်၊ ဒီလုံးခင်း၊ ဖားကန့်တဝိုက်မှာက စစ်ကောင်စီက စစ်ကြောင်းအမြဲတမ်းထိုးပြီးတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာ။” ဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော စစ်တပ်က ဖားကန့်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ အပြန်အလှန် ဖြစ်ပွားနေကာ စစ်တပ်က အများပြည်သူများသို့ ဦးတည်သော တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းသို့ စစ်တပ်က မေလနှောင်းပိုင်းမှ စတင်စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူ ၇၀ ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article