ရန်ကုန်၊ စက်တင်ဘာ ၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းရွာ အနီးတွင် ရောက်ရှိနေသော စစ်သင်္ဘောအုပ်စုက မြစ်ကြောင်း တလျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းရွာအနီး ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်၏ သင်္ဘော ၁၄ စီးပါ အုပ်စုသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် စစ်သင်္ဘောအုပ်စုကြောင့် ရှိမ်းမကားရွာ ၊ အင်ဒေါင်းရွာ ၊ မင်းရွာထောင်ရွာ ၊ ရွာသာရွာ ၊ ကမ်းဖြူရွာ ၊ ငါးတိုက်တောင်ရွာ ၊ ငါးရယ်ရွာ ၊ ဘိုကြီးကျွန်းရွာ၊ သဲကျွန်းရွာ ၊ ရွာတန်းရှည်ရွာနှင့် မိုးကြိုးရွာမှ တောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုကို အကာအကွယ်ယူပေးနေသော Y-12 ၊ J-Frighter နှင့် Mi-3် ရဟတ်ယာဉ်များလည်း မြစ်ကြောင်း တလျှောက်ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
“စစ်ခွေး သင်္ဘောတွေက အထက်ကနေ စုန်လာတာ ရွှေဘိုမြို့နယ် ကျောက်မြောင်းရွာဘက်မှာ သူတို့ ခဏရပ်ထားတုန်းကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ ပြည်သူတွေကတော့ ဆက်လက် တိမ်းရှောင်နေရတုန်းပဲ လေကြောင်းကနေလည်း လေယာဉ်တွေ ဆက်လက် ပျံဝဲနေတယ်။ ဧရာဝတီမြစ်ကြောင်း တလျှောက်ကို လေကြောင်း တိုက်ခိုက်တာတွေကတော့ ဆက်တိုက်ကို လုပ်နေတယ်။ ပြည်သူတွေက ကြိုတင်ရှောင်နေလို့ ထိခိုက်တာတွေတော့မရှိဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ စစ် သင်္ဘော အုပ်စုသည် လက်ရှိချိန်တွင် ဝက်လက်မြို့နယ် ရှိမ်းမကားရွာ အနီးတွင် ရပ်တန့်ထားပြီး မည်သည့်နေရာသို့ ဆက်လက် ထွက်ခွာမည်ကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

