25.7 C
Yangon

ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်သားအများအပြားသေဆုံးကာ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး စက်သေနတ်ကြီး ၂ လက် အပါအဝင် လက်နက်ခဲယမ်းများရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား အများအပြားသေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့က ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီးတွင် အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ကြား လက်နက်ကြီး၊ ဒရုန်း ၊ လက်နက်ငယ် များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး မှုရှိကြောင်း၊ အလားတူ စက်တင်ဘာလ ၇ ရက် ညနေ ၄ နာရီကျော်မှ နံနက် ၂ နာရီအထိ ဖားကန့်မြို့ နယ်၊ ညောင်ပင်ကုန်းတဝိုက်၌ လည်း တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီရဲ့ တပ်မကုန်းကနေ လက်နက်ကြီးနဲ့ထုတယ်။ ဒရုန်း တွေ နဲ့ချ တယ်။ လက်နက်ကြီး တောင်အလုံး ၁၀၀ လောက်ပစ်တယ်၊ မနေ့တုန်းက၊ အသေးတွေ ရော၊ အကြီးတွေ ရော၊ ဒရုန်းတွေ ရော ပစ်တော့ တိုက်ပွဲအတော်ပြင်းထန်တယ်၊ တညနေနဲ့ တညလုံး တိုက်ပွဲ တော်တာ်ပြင်းထန်တယ်။ ပြီးရင် စက်တင်ဘာလ ၇ ရက် မနက်မှာလည်း မော်တောင်း၊ ဆန်းကြွယ် ဘက်ကို စစ်ကောင်စီတပ်မ ကုန်းကနေ စစ်ကောင်စီတွေက စစ်ကြောင်းထိုးလာတော့ တိုက်ပွဲ တောက်လျှောက်ဖြစ်တယ်။ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ ညောင်ပင်ကုန်းမှာ တိုက်ပွဲတောက် လျှောက်ဖြစ်တယ်။ ၈ ရက်နေ့မှာ မော်တောင်းရွာတဝိုက်မှာ လက်နက်ကြီးတွေ အပြန်အလှန် ပစ်ကြတယ်။ စခတွေဘက်ကတော့ ထိတာ၊ သေတာတွေရှိတယ်။ဒီမနက်လည်း မော်တောင်းမှာ စခ ၂ ဦးသေတယ်လို့ သိရတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ထို့ပြင် ယနေ့တွင်လည်း ဖားကန့်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ဖားကန်မြို့နယ်အတွင်းသို့ လေ ကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ ဗန်းမော်တိုက်ပွဲမှာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က KIA အများစု ထိန်းချုပ်ထားသော သံချပ်ကာတပ်ရင်း ၇၀၀၆ သို့ ချည်းကပ်လာသည့်အတွက် KIA ပူးပေါင်းတပ်များက ဝိုင်းပတ် ချေမှုန်းခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း၊ တိုက်ပွဲအတွင်း စစ်သားအလောင်းများအပြင် စက်သေနတ်ကြီး ၂ လက် ၊ ကျည်ဆန်များ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“ဗန်းမော်တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ နေ့တိုင်းလေယာဉ်နဲ့ ဗုံးကျဲတယ်။ မနေ့က သံချပ်ကာတပ်ရင်းမှာ ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်က အထိနာတယ်။ ပွိုင့်-၅ နဲ့ကျည်ကဒ်တွေ၊ MAသေနတ်၊ ၇၉မမ လောင်ချာနဲ့တွေရတယ်။ စက်သေနတ်ကြီး ၂ လက်

ကတော့ 0.5 သေနတ် ၁ လက် နဲ့ 14.5 သေနတ် ၁ လက် ဖြစ်ပါတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် စက်တင်ဘာလအထိ ၁၀ လနီးပါးကြာမြင့်သည်အထိ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article