စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ့်ရွာ ၊ အင်ဒေါင်းရွာ ၊ ရုံပင်ကုန်းရွာ၊ မင်းကုန်းရွာ၊ နဘဲပင်လှရွာ နှင့် တပ်သာရွာတို့ကို Y-12 ဖြင့် အကြမ်းဖက် စစ်တပ်က ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦး ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ပြီး သေဆုံးမှု အရေအတွက် တိုးလာနိုင်ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝက်လက်မြို့နယ် အရှေ့ခြမ်း ပျံဝဲပြီး Y-12 လေယာဉ် ၁ စီးက ကျေးရွာ ၆ ရွာကို ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်သွားတာ ကနဦး သိရတာတော့ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ပြင်းထန်ဒဏ်ရာရတဲ့ သူတွေလည်း ပါဝင်တော့ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ပါတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိချိန်တွင် သစ်ဆိပ့်ရွာ ၊ အင်ဒေါင်းရွာ ၊ ရုံပင်ကုန်းရွာ၊ မင်းကုန်းရွာ၊ နဘဲပင်လှရွာ နှင့် တပ်သာရွာ တို့မှ ပြည်သူများ အပါအဝင် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
(ဓာတ်ပုံများမှာ Facebook ၏ Community Standard ကို လိုက်နာရပါသဖြင့် ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဆင်ဆာ ဖြတ်တောက်ခြင်းမရှိဘဲ သွားရောက် ကြည့်ရှု့ နိုင်သည်။)


