စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာယီ တပ်စွဲထားသော နေရာနှင့် ကင်းလှည့်လာသော စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း Air Force One မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ် ဘူးကုန်းလမ်းဆုံတွင် အကြမ်းဖက် စစ်တပ် ယာယီတပ်စွဲထားသော နေရာနှင့် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စက်တင်ဘာလ ၅ ရက်နေ့က တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အင်အားကတော့ ၇၀ နဲ့ ၁၀၀ကြားမှာရှိတယ်။ အဲ့လမ်းဆုံမှာက ဇရပ်ရှိတယ်။ အဲ့ထဲမှာ ယာယီ ဘန်ကာနဲ့ ၇/၈လောက် ကင်းစောင့်တာပေါ့။ ဗုံးသီးကျတာလည်း အဲ့ဇရပ်ရှေ့မှာ ကျတာ စစ်ခွေးဘက်က သေဆုံးတာကတော့ ၄ ယောက် သေတယ်လို့ ခန့်မှန်းတယ်။ နေ့လည်ပိုင်းလောက်မှာ တိုက်ခိုက်ခဲ့တာပါ။ ဒရုန်း ၃စီးနဲ့ပါ” ဟု Air Force One မှ တာဝန်ရှိသူက ပြောဆိုသည်။
ရေကြည်ဦး- ကျီကျင်း- ဘူးကုန်းလမ်းဆုံ- ယမနေလမ်းဆုံ (မလယ်လမ်းဆုံ) လမ်းပိုင်းကို အသုံးပြုနေသော ခရီးသွား ပြည်သူများ၊ ကား ဆရာများ အနေဖြင့် အသွားအလာ ဂရုစိုက်ကြရန်နှင့် စစ်သားများရှိရာနေရာများတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်း မပြုလုပ်ကြရန် Air Force One အဖွဲ့က သတိပေး ပြောဆိုထားသည်။
