ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်း ကာကင်းစခန်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းတွင် တာဝန်ကျနေသော စစ်မှုထမ်း တပ်သား ၁ ဦးသည် သေနတ် ၁ လက်ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင်တပ်ရင်း ၂ ထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ်သည် MA သေနတ် ၁ တစ်လက် ၊ ကျည်ဘောက် ၅ ခု နှင့် ကျည် ၁၅ဝ တောင့်တို့ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ၎င်းကို ဘေးကင်းသည့်နေရာသို့ ပို့ဆောင်ကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့သူကတော့ စစ်မှုထမ်း အပတ်စဉ် ၁၃ကပါ။ အလင်းဝင်ရောက်လာတဲ့သူ စစ်မှုထမ်း သင်တန်းကို သူတက်ခဲ့တာက အုတ်တွင်းမြို့နယ် တန်းမြင့်လေ့ကျင့်ရေးကျောင်းကပါ။ သူက ကြိုတင်ချိတ်ဆက်တာတော့မရှိဘူး။ဒီတိုင်းဘဲ ဝင်လာတာပါ။ အလင်းဝင်ရောက်လာတဲ့သူကတော့။ မုံရွာခရိုင် ထန်းတောကုန်းရွာဘက်ကပါ။ သူကကျတော့ အလုပ်လုပ်ဖို့ agent နဲ့ချိတ်ပြီး ရောင်းစားခံရတဲ့အနေထားပေါ့။ အေဂျင့်နဲ့ ချိတ်ပြီး ရောင်းစားခံရတဲ့ပုံစံမျိုးလား အဲဒီလိုမျိုးလား ဆိုတော့ ဟုတ်တယ်။ မြဝတီမှာ အလုပ်လုပ်ဖို့သွားရင်း အဲ့လို အနေထားမျိုးဖြစ်တာပါ။ အလင်းဝင်ရောက်လာတဲ့သူကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့အတွက်ကတော့ ကျနော်တို့ အထက်ကိုတင်ပြထားပါတယ်။ လောလောဆယ် ဆယ်တော့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ထားတာ မရှိသေးပါဘူး”ဟု ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း တပ်ရင်းမှူးက ပြောဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင်တပ်ရင်း ၂ ထံသို့ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်မှ ဘက်ပြောင်းခိုလှုံပြီး အလင်းဝင်ရောက်သူ တပ်သား ၃၅ ဦးထိ ရှိလာပြီးဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီထံတွင် အလိုမတူဘဲ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူများအနေဖြင့် တော်လှန်ရေးတပ်ရင်း ၊ တပ်ဖွဲ့များကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြရန်နှင့် ကိုယ်တိုင် ရုန်းထွက်ချင်စိတ်နှင့် စွန့်လွှတ်စွန့်စားရဲသော သတ္တိရှိဖို့သာ လိုအပ်သည်ကို တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်နှင့်တစ်ကွ နေ့စဥ်နှင့်အမျှ အလင်းဝင်နေကြသူများက အကောင်းဆုံး သက်သေပြနေကြောင်း၊ အကြမ်းဖက် စစ်တပ် လက်အောက်မှ ဘက်ပြောင်း အလင်းဝင်လာကြမည့်သူများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိကြောင်း ပဲခူးခရိုင် အမှတ် – ၂ တပ်ရင်းက ပြောဆိုထားသည်။
