25 C
Yangon

မတ္တရာမြို့နယ်တွင် သံခွန် သင်္ဘောဖြင့် လိုက်ပါလာသော စစ်သားများက မိုးကြိုးရွာကို မီးရှို့နေပြီး မြစ်ကြောင်းတစ်လျောက်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် သံခွန် သင်္ဘောဖြင့် လိုက်ပါလာသော စစ်သားများက မိုးကြိုးရွာကို မီးရှို့နေပြီး မြစ်ကြောင်းတစ်လျောက်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် မတ္တရာမြို့နယ် အနောက်ခြမ်းကို သံခွန် သင်္ဘောဖြင့် ရောက်လာသော အကြမ်းဖက် စစ်သားများက မိုးကြိုးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်သားများကြောင့် လက်ရှိချိန်တွင် မြစ်ကြောင်း တစ်လျောက်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်မှုနဲ့ ဖမ်းဆီးခံရမှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး။ သံခွန်နဲ့ ပါလာတဲ့ စစ်ခွေးတွေက မိုးကြိုးရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေတာ ပျက်စီးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုသို့ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် အကြမ်းဖက် စစ်သားများသည် ဝက်လက်နှင့် စစ်ကိုင်းမြို့နယ် အစပ်ရှိ စဥ့်ကိုင်ရွာဘက်ကို သံခွန် သင်္ဘောများဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် စက်တင်ဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် မတ္တရာမြို့နယ်အတွင်းရှိ ရှားစေးချက်လေးရွာနှင့် ဆိပ်သာရွာတို့ကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – မကွေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် ဝင်ရောက် မီးရှို့ ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article