ရန်ကုန်၊ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ဝင်မြို့ထွက် ဂိတ်များတွင် အကြမ်းဖက် စစ်တပ်က မဲပေးစက်များကို ချထားပြီး ဖြတ်သန်းသွားလာသည့် ပြည်သူများကို နှိပ်ခိုင်းနေကြောင်း ရေဦးနယ် အနောက်ခြမ်း သတင်းဆက်သွယ်ရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလပိုင်းမှ စတင်၍ ရေဦးမြို့ဝင်မြို့ထွက် ဂိတ်များတွင် အကြမ်းဖက် စစ်တပ်သားများက မဲပေးစက်များကို ချထားပြီး ဂိတ်ကို ဖြတ်သန်းသွားလာသော ပြည်သူများကို နှိပ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ နမခ မှ တက်လာသော Mi-17 ရဟတ်ယာဉ်ကလည်း ရေဦးမြို့ပေါ်ရှိ အထက ၁ ကျောင်းတွင် ဆင်းသက်ခဲ့ပြီး မဲပေး စက်များချထားခဲ့ကြောင်း သိရှိရသည်။
“၁၀ ရက်နေ့က နမခကနေ တက်လာတဲ့ Mi-17 ရဟတ်ယာဉ်က ရေဦးမြို့ အထက ၁ ကျောင်းထဲမှာ ဆင်းပြီးတော့ မဲပုံးတွေ ချသွားတယ်။ နောက်ပြီး စစ်ခွေးတွေက ရေဦး မြို့ဝင်မြို့ထွက် ဂိတ်တွေမှာလည်း မဲပုံးတွေ ချထားပြီး မြို့တွင်း ဝင်လာသမျှ ပြည်သူတွေကို အတင်းအားဓမ္မ ခြိမ်းခြောက်ပြီး ခလုတ်နှတ်ခိုင်းတာတွေလည်း ပြုလုပ်နေတယ်” ဟု ရေဦးနယ် အနောက်ခြမ်း သတင်းဆက်သွယ်ရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ရေဦးမြို့ပေါ်မှ အကြမ်းဖက် စစ်သားများသည်လည်း ကျေးရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၍ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် မြို့အနီးအနားရှိ ကျေးရွာ ၄ ရွာမှ ပြည်သူများသည် မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ရွေးကောက်ပွဲနီးလာသည့် အတွက် မြို့အနီးအနားရှိ ကျေးရွာများမှ ပြည်သူများကို ရွေးကောက်ပွဲတွင် ပူးပေါင်း ပါဝင်နိုင်ရန် မဲဆွယ်စည်းရုံးရေးများ လုပ်ဆောင်နေပြီး မြို့ပေါ်ရှိ စစ်တပ် ဂိတ်များတွင် အင်အားဖြည့်တင်းထားကြောင်း သိရှိရသည်။
“ရေဦးမြို့ပေါ်က အကြမ်းဖက် စစ်ခွေးတွေက စစ်ရေးလှုပ်ရှားမှုတွေ ၁၂ ရက်နေ့ကစလို့ ရှိလာတယ်။ ရေဦးမြို့နဲ့ အနီးဝန်းကျင်မှာနေထိုင်ကြတဲ့ ပြည်သူတွေ မိုးထဲရေထဲ ဒီနေ့မနက်ပိုင်းကစလို့ တိမ်းရှောင်နေကြရတယ်။ စစ်ကြောင်းထိုးလာခြင်း မရှိသေးဘူး။ စောင့်ကြည့်နေဆဲပါပဲ။ တရားမဝင်ရွေးကောက်ပွဲနီးလာပြီ ဖြစ်တဲ့အတွက် အနီးဝန်းကျင်က ပြည်သူတွေကို စည်းရုံးချင်တဲ့ ပုံစံမျိုးပါပဲ။ ရေဦးနယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုမရှိခဲ့တာ ၂ နှစ်ကျော်နီးပါးရှိပြီ တရားမဝင်ရွေးကောက်ပွဲနီးလာတာကြောင့် သြဂုတ်လကစပြီး မြို့ပေါ်ကနေ စစ်ရေးလှုပ်ရှားမှုတွေပြန်လုပ်လာတာ” ဟု ရေဦးနယ် အနောက်ခြမ်း သတင်းဆက်သွယ်ရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ဆက်လက် ပြောဆိုသည်။
ထို့ပြင် သြဂုတ်လ ၂၁ ရက်နေ့ကလည်း ရေဦးမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ်က သံသည်ရွာကို ဝင်ရောက် ပစ်ခတ်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ စာသင်ခုံများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ရေဦး-ဒီပဲယင်းကား လမ်းပိုင်းကိုလည်း စက်တင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက စတင်ပြီး စစ်ရေး အခြေအနေအရကြောင့် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယာယီပိတ်ထားကြောင်း သိရှိရသည်။
