မကွးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာဘက်မှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း မကွေးတိုင်း ပကဖ မှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာဘက်မှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာသည့် အင်အား ၅၀ ခန့်ပါ စစ်သားနှင့် ရဲများ ပူးပေါင်းထားသော စစ်ကြောင်းကို မကွေးခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ခွဲမှ တော်လှန်ရေး ရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေနံချောင်းမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ ထို့နောက် ရေနံချောင်းမြို့မှ စစ်ကူ စစ်ကား ၃ စီး ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း မကွေးခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ခွဲမှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်။ စစ်ခွေးတွေက ရေနံချောင်းမြို့ဘက်ကနေ လာတာပါ။ စစ်ခွေးဘကကေတော့ ထိခိုက်သေဆုံးမှု ရှိနိုင်ပါတယ်”ဟု မကွေးတိုင်း ပကဖမှ ရဲဘော်တစ်ဦးက ပြောဆိုသည်။
အလားတူ သြဂုတ်လ ၃၀ ရက်နေ့ကလည်း ဂျုပ်ကုန်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်းအတွင်း ဝါတွင်းကာလ ဆွမ်းလောင်းရေစက်ချပွဲ ပြုလုပ်နေစဉ် အကြမ်းဖက် စစ်တပ်က လူငယ်များကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ရာ ဘုန်းကြီးကျောင်းသား ၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၃ ဦးကို ငွေကြေးဖြင့် ပြန်လည် ရွေးထုတ်နိုင်ခဲ့ကာ ၁ ဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။
